ရခိုင်နှင့် ပလက်ဝတွင် အင်တာနက် ပြန်သုံးစွဲခွင့်ပြုရေး အရေးကြီးအဆိုတင်သွင်းရာ ပယ်ချခံရ

ရခိုင်နှင့် ပလက်ဝတွင် အင်တာနက် ပြန်သုံးစွဲခွင့်ပြုရေး အရေးကြီးအဆိုတင်သွင်းရာ ပယ်ချခံရ
Photo - EPA

ရန်ကုန်၊ ဇူလိုင် ၁၈ ။              ။ ရခိုင် ၈ မြို့နယ်နှင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များတွင် အင်တာနက်ဖြတ်တောက်ခံရမှုကို ပြန်သုံးစွဲခွင့်ပြုရန် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက အရေးကြီးအဆို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်မှ ယနေ့ ပယ်ချလိုက်သည်။

" ပိတ်ထားတဲ့အခါကြတော့ အရမ်းအခက်ခဲတွေ ဖြစ်တယ်။ တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ အချိန်နဲ့တပြေးညီ တိုက်ပွဲအခြေအနေတွေ ၊ပြည်သူတွေ မြေစာပင် ဖြစ်နေတဲ့အခြေအနေကို ဆရာမတို့ သိဖို့လိုအပ်တယ်။ စစ်ဘေးရှောင်တွေ ရှိတယ်။ တချို့တွေကြတော့ တပ်မတော်စစ်ကြောင်း ဝင်ပြီဆို ထွက်ပြေးကြတယ်။ တပ်မတော်စစ်ကြောင်း ပြန်သွားပြီဆို ရွာတွေကို ဝင်ကြတယ်။

ထွက်ပြေးတဲ့အခြေအနေမှာလည်း စားဝတ်နေရေးအခြေအနေတွေ ဒီဟာတွေကို သတင်း အမှောင်ချလိုက်တယ်။ ဒါ မဖြစ်သင့်ပါဘူး။ ဒါ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို ပိတ်လိုက်တာ ဖြစ်တယ် " ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ(ရသေ့တောင်မဲဆန္ဒနယ်)က မဇ္စျိမသတင်းဌာနသို့ ပြောသည်။

အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုအပေါ် ဇူလိုင် ၁၇ ရက်နေ့က ပြန်လည်သုံးစွဲခွင့်ပြုရန် အရေးကြီးအဆိုကို တင်သွင်းခဲ့ရာ ဇူလိုင် လ ၁၈ ရက်နေ့က ပယ်ချခြင်းခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ  MPT ၊ Mytel ၊ Telenor နှင့်  Ooredoo သို့ ပေးပို့ကာ ဇွန် ၂၁ ရက်နေ့ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

အဆိုပါ အင်တာနက်ဖြတ်တောက်ခံရသော မြို့နယ် ၉ မြို့နယ်မှာ ရခိုင်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ဖြစ်သည်။

" ဆရာမက မဖြစ်သင့်ဘူးထင်လို့ ဒီအဆိုကို တင်တာပါ။ ဆက်သွယ်ရေးပုဒ်မ ၇၇ အရ သူတို့ပိတ်တယ် လို့ ပြောတယ်။ အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် အင်တာနက်ဝန်ဆောင်မှုကို ယာယီဖြတ်တောက်လို့ ရတယ်။ သူတို့ကတော့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဆိုခဲ့တယ်။

ဖြတ်တောက်တယ်ဆိုတော့ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်အထောက်အကူပြုသလဲ တစ်ချက်တော့ စဉ်းစားရမယ်။ စစ်ဖြစ်နေတဲ့ဒေသက မြေစာပင် ဖြစ်နေတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကိုလည်း စဉ်းစားသင့်တယ် " ဟု ဒေါ်ခင်စောဝေက ပြောသည်။

ဇွန် ၂၄ ရက်ကလည်း ရခိုင်ပြည်နယ်လွှတ်တော်တွင် မင်းပြားမဲဆန္ဒနယ်ကိုယ်စားလှယ်က အဆိုတင်ခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင် ပယ်ချခံလိုက်ရခြင်း ဖြစ်သည်။

ရခိုင်နှင့်ချင်းပြည်နယ်များရှိ မြို့နယ်များတွင် အင်တာနက်ဖြတ်တောက်မှုမှာ လူ့အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပြီး စိုးရိမ်စရာဖြစ်ကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများက  ဇွန် ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required