စွဲလမ်းမှုဆိုတဲ့ မီးကို ဘယ်လိုငြိမ်းသတ်ကြမလဲ

စွဲလမ်းမှုဆိုတဲ့ မီးကို ဘယ်လိုငြိမ်းသတ်ကြမလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 
စွဲလမ်းခြင်းဆိုတာ ဘာလဲ။

လူတွေတော်တော်များများက စွဲလမ်းခြင်းကို လူတစ်ယောက်ကို အမှန်တကယ်စိတ်ဝင်စားမိသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်လို့ အဓိပ္ပါယ်ဖွဲ့ထားတတ်ကြပါတယ်။ လုံးဝမှားတာမျိုးတော့မဟုတ်ဘူးပေါ့။ ချစ်ခြင်းမေတ္တာတရားရဲ့ အနောက်မှာ စွဲလမ်းမှုဆိုတဲ့ စိတ်က အလိုလိုကပ်ပါလာတတ်ပါတယ်။ ဒီလိုစွဲလမ်းမှုက သိပ်ကိုများလွန်းသွားပြီဆိုရင် လူတစ်ယောက်ကို ချစ်တယ်ဆိုတာထက် ကိုယ့်အသိစိတ်ထဲမှာ သူ့အကြောင်းတွေက အချိန်ပြည့်လွှမ်းမိုးသွားတော့တာပေါ့။ အဲ့တော့ ဘာဆက်ဖြစ်မလဲ။ ချစ်ခြင်းမေတ္တာကြောင့် ရတဲ့ ပျော်ရွှင်မှုမဟုတ််ဘဲ စွဲလမ်းစိတ်ကြောင့် ရင်ထဲမှာ သောကမီးတွေပဲ ကျန်ရစ်နေတော့တာပေါ့။

ဒီစွဲလမ်းစိတ်ကို စိတ်ကျန်းမာရေးအရ Obsessive Love Disorder – OLD ရောဂါလို့ ခေါ်ပါတယ်။ စွဲလမ်းစိတ်ကြောင့် အခြေခံလာတဲ့ ရောဂါ Obsessive Compulsive Disorder – OCD ရဲ့ ရောဂါပုံစံတစ်မျိုးပါ။ ငယ်ငယ်လေးတုန်းက ကျန်ရစ်ခဲ့တဲ့ အထီးကျန်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ၊ လူတွေနဲ့ သဟဇာတမဖြစ်တဲ့ နေပုံထိုင်ပုံတွေ၊ လူမှုရေးကြောက်ရွံ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းသူတွေ၊ စိတ်ဝေဒနာ၊ စိတ်ဒဏ်ရာရှိတဲ့သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။

ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား ကိုယ်က အဲ့လူတစ်ယောက်ကိုပဲ စွဲလမ်းနေတယ်၊ သူဘာလုပ်နေမလဲ၊ ဒီအချိန်ဆို ဘယ်သူနဲ့ရှိနေမလဲ၊ အစရှိသဖြင့် သူ့အကြောင်းတွေကိုပဲ အချိန်ပြည့်တွေးနေတယ်၊ အဲ့တော့ ဘာဆက်ဖြစ်သလဲဆိုတော့ စိတ်က ပူလောင်တယ်၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာလည်း ထိခိုက်လာတယ်၊ ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း လျစ်လျူရှုမိသလို ဖြစ်သွားတယ်၊ ကိုယ်တိုင်ကလည်း ဝေဒနာအပူမီးကို ပျော်ရွှင်မှုလို့မှတ်ယူပြီး ဒီထဲမှာပဲ ဆက်နေ၊ ဆက်တွေးရင်းနဲ့ ပူလောင်တဲ့ ခံစားချက်က ပိုဆိုးလာတော့တာပါပဲ။

ဒီတော့ စွဲလမ်းမှုဆိုတာ လူတွေထင်ထားသလို သိပ်ပြီးကောင်းနေတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အကောင်းဆိုတာ ရှိရင် အဆိုးဆိုတာ ရှိတယ်၊ အလင်းရှိရင် အမှောင်ရှိတယ်၊ အဲ့လိုပါပဲ ချစ်ခြင်းမေတ္တာဆိုတဲ့ ခံစားချက်နောက်မှာ သူ့ရဲ့ဆန့်ကျင်ဘက် စွဲလမ်းစိတ်က ရှိနေတတ်ပါတယ်။ ဒီစိတ်ကိုသာ ကိုယ်က မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အချစ်ရေးတင်မက အလုပ်ခွင်၊ လူမှုရေးမှာပါ ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီတော့ စွဲလမ်းစိတ်ကို ကိုယ်တိုင်ထိန်းချုပ်လို့ရမယ့်နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။
၁။ စိတ်ကို လွတ်မြောက်အောင်လုပ်ကြမယ်။

  •     ကိုယ့်ရဲ့ အခုဖြစ်နေတဲ့ပြဿနာက ကိုယ်ချစ်နေတဲ့လူအပေါ်မှာ ထားရှိတဲ့ စွဲလမ်းစိတ်ကို ပျောက်အောင် လုပ်ဖို့ပါ။ အဲ့ဒါဆို ပထမဆုံးလုပ်ရမှာက ဒီလူနဲ့ ကိုယ့်ကြားမှာ အကွာအဝေးတစ်ခုထားဖို့ပါ။ အိမ်ချင်းနီးရင် အမြဲလိုလို သူပြန်လာပြီလား စောင့်မျှော်နေတာ၊ လိုင်းပေါ်မှာ သူတက်လာပြီလား အဲ့ဒါတွေကို လုံးဝမကြည့်ပါနဲ့။ လုံးဝတော့ အဆက်အသွယ်ဖြတ်ဖို့ မလိုပါဘူး။ ကိုယ့်စွဲလမ်းစိတ်ကို ထိန်းချုပ်လို့ရတဲ့အထိ နှစ်ဦးကြားမှာ အကွာအဝေးတစ်ခု ခြားထားဖို့ အရေးကြီးပါတယ်။
  •     စွဲလမ်းစိတ်ကို အစာမကျွေးပါနဲ့။ စွဲလမ်းစိတ်ဆိုတာ လူတစ်ယောက်အကြောင်းကို အချိန်ပြည့်တွေးနေရာကနေ စပြီးဖြစ်လာတာပါ။ အဲ့လို ဒီလိုသောကမီးကို မလောင်မြိုက်စေချင်ရင် လောင်စာထပ်မထည့်နဲ့ပေါ့။ သူ့အကြောင်းတွေကိုပဲ အချိန်ပြည့်တွေးနေမိပြီဆိုရင် စိတ်ကို တခြားဘက်လွှဲလိုက်ပါ။ ဥပမာ – ကိုယ့်ကျောင်းစာ၊ ရုံးက ဘာအလုပ်တွေ လုပ်ဖို့ကျန်သေးလဲဆိုတာမျိုး၊ ညစ်ပတ်နေတဲ့ အိမ်ခန်းကို သန့်ရှင်းရေးလုပ်လိုက်တာမျိုးပေါ့။
  •     စိတ်ရော၊ လူရော အနားမပေးပါနဲ့။ လူက ငြိမ်နေပြီး ဘာမှလုပ်စရာမရှိရင် တွေးမိတွေးရာတွေ လျှောက်တွေးတတ်တာ သဘာဝပါပဲ။ အဲ့တော့ ကိုယ်က လူတစ်ယောက်ကို စိတ်ဝင်စားနေတဲ့အခါ သူ့အကြောင်းတွေပဲ ပိုတွေးနေမိတော့မှာပေါ့။ ဒီလိုမဖြစ်ရအောင် ကိုယ်ခန္ဓာရော၊ စိတ်ကိုပါ လှုပ်ရှားပေးပါ။ Gym ကစားမလား၊ လမ်းလျှောက်ထွက်မလား၊ ပြေးမလား၊ ခရီးပဲ သွားမလား၊ ကိုယ်နဲ့အဆင်ပြေမယ့် ကိုယ်လက်လေ့ကျင့်ခန်းမျိုးတွေ၊ စိတ်ရော ကိုယ်ပါ အာရုံစိုက်ဖို့ လိုမယ့် ကစားနည်းတွေ ကစားလို့ရပါတယ်။
  •     ကိုယ်က သူမှသူပဲ တမ်းတမ်းစွဲဖြစ်နေတဲ့အချိန် ဘေးမှာဖြစ်ပျက်နေတဲ့ အရာတွေ၊ ပတ်ဝန်းကျင်ကလူတွေ အကုန်လုံးကို မေ့ထားတတ်ပါတယ်။ အဲ့တော့ စွဲလမ်းမှုကနေ လွတ်မြောက်အောင် ရုန်းထွက်နေချိန်မှာ ကိုယ်မေ့ထား၊ လျစ်လျူရှုထားခဲ့တဲ့ လူတွေအကုန်လုံးကို ပြန်ပြီး ဂရုစိုက်ပေးလိုက်ပါ။ ကျောင်းစာတွေ၊ အလုပ်တွေ၊ လူမှုရေးရာ ကိစ္စတွေမှာ လစ်ဟင်းနေခဲ့ရင်လည်း ဒီလိုအချိန်ဟာ ပြန်စတင်ဖို့ အကောင်းဆုံးအချိန်ပါ။
  •     အတွေးတွေကို အတိတ်တွေ၊ အနာဂတ်တွေထဲ မလွှင့်ပစ်လိုက်ပါနဲ့။ လက်ရှိအချိန်မှာပဲ စိတ်ကို ထားပါ။ ကိုယ်က ပစ္စုပ္ပန်ကို အကောင်းဆုံးနေထိုင်ရင် သာယာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါပဲ။ ပြီးသွားခဲ့တဲ့ အရာတွေ၊ ဖြစ်မလာသေးတဲ့ အရာတွေကို ကြိုတွေးပြီးတော့ ကိုယ့်စိတ်ကိုယ် ဒုက္ခမပေးပါနဲ့။

၂။ လက်ရှိကို ပြင်ဆင်ကြမယ်။

  •     ကိုယ်တစ်ယောက်တည်း သီးခြားမနေပါနဲ့။ အပေါင်းအသင်းမိတ်ဆွေ အသစ်တွေ ထားပါ။
  •     ဘဝထဲ ဝင်လာမယ့် လူအသစ်တွေကို ကိုယ်စွဲလမ်းရတဲ့ လူနဲ့ နှိုင်းယှဉ်တာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ ကိုယ်လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင်လည်း အတင်းပုံမသွင်းပါနဲ့။
  •     ဝါသနာအသစ်တွေကို ရှာဖွေပါ။ ဘဝကို ကျောင်း၊ အလုပ်၊ အိမ် ဒါတွေနဲ့ပဲ ပုံသေကားချပ်တစ်ခုလို မလည်ပတ်ပါနဲ့။ အသစ်အဆန်းတွေကို ရှာဖွေလေ့လာပါ။ ကိုယ်မလုပ်ဖူးတဲ့ အရာတွေဆိုရင် စမ်းလုပ်ကြည့်ဖို့ ဝန်မလေးပါနဲ့။
  •     ဘဝတစ်ခုလုံးကို အသစ်ပြောင်းလဲပါ။ ဆံပင်စတိုင် ပြောင်းတာ၊ ကိုယ့်အဝတ်အစား၊ အလှကုန်ပစ္စည်း၊ ကိုယ်နဲ့ မပါမဖြစ်ယူနေကျ ပစ္စည်းတွေ ပြောင်းပစ်လိုက်တာမျိုး လုပ်လို့ရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်အိပ်နေတဲ့ အခန်း၊ ကိုယ့်အိမ်ကို ဒီဇိုင်းအသစ်ပြောင်းလဲတာမျိုးဆိုလည်း အဆင်ပြေပါတယ်။

စွဲလမ်းစိတ်ဆိုတာ လူ့စိတ်က သတ်မှတ်လိုက်တဲ့အရာပါ။ လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားတဲ့အခါ စွဲလမ်းမှုဖြစ်လာတာ သဘာဝဆိုပေမယ့် လိုတာထက် ပိုသွားရင်တော့ နောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါကြောင့် လူတစ်ယောက်ကို ချစ်ပါ။ စွဲစွဲလမ်းလမ်း ရူးသွပ်မိသွားလောက်တဲ့အထိတော့ ကိုယ့်စိတ်ကို မီးလောင်တိုက် မသွင်းပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly