အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းကို အမှန်တကယ် လိုက်နာကျင့်သုံးတဲ့သူတွေက ၁၀၀ မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ အဲ့တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတိုင်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သိနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ဘယ်လိုလူမျိုးတွေ သွေးစစ်သင့်လဲ။

အကောင်းဆုံးကတော့ လူတိုင်း ပုံမှန်သွေးစစ်သင့်ပါတယ်။ အထူးသဖြင့်

  •     အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူတွေ
  •     လိင်အပျော်အပါး လိုက်စားသူတွေ
  •     လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုများသူတွေ
  •     ဆေးပညာရေးနယ်ပယ်မှာ အလုပ်လုပ်နေသူတွေ
  •     လိင်တူဆက်ဆံသူတွေအနေနဲ့ ပိုပြီး သွေးစစ်ဖို့ လိုအပ်ပါတယ်။

လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလို့ သတ်မှတ်လို့ရပါတယ်။
ဘယ်အချိန်မှာ သွေးစစ်မလဲ။

HIV နဲ့ ကာလသားရောဂါတွေအတွက် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၃လအကြာမှာ သွေးစစ်သင့်ပါတယ်။ ဒီ ၃လအတွင်းမှာလည်း လိင်မှုကိစ္စ ကင်းရှင်းဖို့လိုအပ်ပါတယ်။ ဒီ ၃လကာလကိုတော့ စောင့်ကြည့်ဆဲကာလ (Window Period) လို့ ခေါ်ပါတယ်။ ပိုပြီး သေချာသွားအောင် နောက်ထပ် ၃လနေရင် သွေးတစ်ကြိမ် ထပ်ပြီးစစ်ကြည့်လို့ရပါတယ်။ ၆လအထိမှ သွေးစစ်ကြည့်လို့ အဖြေက ရှင်းနေရင်တော့ ကိုယ့်မှာရောဂါပိုးမရှိတာ သေချာသွားပါပြီ။
ကိုယ်ဝန်အတွက်ရော ဘယ်အချိန်မှာ စတင်စစ်ဆေးကြမလဲ။

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သို့မဟုတ် မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်တဲ့အခါ အစောဆုံး ၁၀ ရက်နောက်ပိုင်း ဆီးစစ်တံနဲ့ ကိုယ်တိုင်စစ်ကြည့်လို့ရပါတယ်။ တစ်ကြောင်းပေါ်ရင်တော့ ကိုယ်ဝန်မရှိဘူးလို့ သတ်မှတ်ပြီး နှစ်ကြောင်းပေါ်တာလို့ သတ်မှတ်နိုင်ပါတယ်။ ပိုပြီးတိကျတဲ့အဖြေအတွက် ဆက်ဆံအပြီး တစ်လနေမှ ဆီးစစ်တာ ပိုကောင်းပါတယ်။

ကိုယ်ဝန်အတွက်ကို ဆီးစစ်တံနဲ့ ကိုယ့်အိမ်မှာ အလွယ်တကူစစ်ဆေးလို့ရပေမယ့် HIV နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ သွေးစစ်ကြည့်မှသာ သေချာတဲ့အဖြေသိနိုင်မှာဖြစ်ပါတယ်။ HIV ပိုးကူးစက်ခံရတဲ့ ကာလအစောပိုင်း (လိင်ဆက်ဆံအပြီး ၂ပတ်မှ ၆ပတ်အတွင်း) အဖျားတက်တာ၊ ခံတွင်းမှာအနာပေါက်တာ၊ အရိုးအဆစ်တွေ ကိုက်ခဲတာ၊ တစ်ကိုယ်လုံး အင်ပျဉ်ထတာ အစရှိတဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။
ကြိုတင်ကာကွယ်လို့ရမယ့် အကောင်းဆုံးနည်းလမ်းတွေရှိလား။

အကောင်းတကာ့ အကောင်းဆုံးနည်းလမ်းကို ပြောပါဆိုရင်တော့ လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းပါပဲ။ အမျိုးသားသုံးကွန်ဒုံး ဖြစ်စေ၊ အမျိုးသမီးသုံး ကွန်ဒုံးဖြစ်စေ၊ ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ သုံးတဲ့ ကွန်ဒုံးအစွပ်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ HIV ကို ကာကွယ်ပေးနိုင်ဖို့ ပုံမှန်သောက်လို့ရတဲ့ PrEP ဆေးတွေရှိသလို လိင်ဆက်ဆံအပြီး ၇၂နာရီအတွင်း အရေးပေါ်ကာကွယ်ဆေးဖြစ်တဲ့ PEP ဆေးလည်း သောက်လို့ရပါတယ်။ ဒီဆေးတွေဟာ HIV ပိုးကိုပဲ ကာကွယ်ပေးနိုင်တာဖြစ်ပြီး တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ အရေပြားပြဿနာကိုတော့ ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။

HIV ဟာ ပိုးရှိတဲ့သူရဲ့ ကိုယ်တွင်းအရည်ဖြစ်တဲ့ သုက်ရည်၊ မိန်းမကိုယ်မှထွက်သောအရည်၊ သွေး အစရှိသည်တို့ဟာ ပိုးမရှိသူရဲ့ သွေးကြောအတွင်း ဝင်ရောက်ရာမှ ကူးစက်တာဖြစ်ပါတယ်။ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း အကာအကွယ်မသုံးဘဲ ထိုးသွင်းဆက်ဆံတဲ့အခါတိုင်းမှာ ပိုးကူးစက်ခံရနိုင်ခြေရှိတယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ဒါကြောင့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုကြပါလို့ အကြံပြုလိုက်ပါတယ်။

    

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly