စည်းကြပ်ခွန်သစ်က ကုန်သွယ်ရေးဆွေးနွေးပွဲမှာ အတားအဆီး ဖြစ်လိမ့်မယ်လို့ တရုတ် ပြော

စည်းကြပ်ခွန်သစ်က ကုန်သွယ်ရေးဆွေးနွေးပွဲမှာ အတားအဆီး ဖြစ်လိမ့်မယ်လို့ တရုတ် ပြော

ပေကျင်း၊ ဇူလိုင် ၁၈ ။           ။ အမေရိကန်နိုင်ငံက သွင်းကုန်စည်းကြပ်ခွန်တွေ ထပ်ပြီး ချမှတ်လာမယ်ဆိုရင် တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ အတားအဆီးအနှောင့််အယှက် ဖြစ်လာလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုရဖို့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပြီး သူ့အနေနဲ့ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၂၅ ဘီလီယံဖိုးအပေါ် ထပ်တိုးစည်းကြပ်ခွန်တွေ ချမှတ်ရလိမ့်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပြီးနောက်မှာ တရုတ်ဖက်က တုံ့ပြန်လာတာလည်း ဖြစ်ပါတတယ်။

“အမေရိကန််ဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရရှိဖို့ အလှမ်းဝေးနေတယ်လို့ ယူဆနေတယ်။ ကျွန်တော်အနေနဲ့ တရုတ်စကားပုံတစ်ခုနဲ့ တုံ့ပြန်ပြောလိုတယ်။ ခရီးမိုင် ထောင်သောင်းများစွာကို ရောက်ရှိဖို့က ပထမဆုံး ခြေတစ်လှမ်း စလှမ်းရတာပါပဲ။ ခရီးတွေ ဘယ်လောက်ကွာဝေးဝေး ခြေတစ်လှမ်းအစပြုပြီး  လျှောက်လှမ်းမယ်ဆို ပန်းတိုင်ကို ရောက်ရှိမှာပါ။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ လအတွင်း ဂျပန်နိုင်ငံက ဂျီ ၂၀ အစည်းအဝေး ဘေးပန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေးစစ် အပစ်ရပ်ထားဖို့ သမ္မတ ထရမ့်က သဘောတူခဲ့ပါတယ်။ တရုတ်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်သစ်တွေ ချမှတ်မယ်ဆိုတာကို ဆိုင်းငံ့ထားကာ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပြန်စဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့တာပါ။

ဒါပေမယ့် တရုတ်နိုင်ငံဟာ အမေရိကန် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်တွေကို ပိုမိုတိုးမြှင့် ဝယ်ယူမယ်ဆိုတဲ့ ကတိကဝတ်ကို လိုက််နာခြင်း မရှိကြောင်း ထရမ့်က ပြောဆိုရင်း အခွန်သစ်တွေ ချမှတ်ဖို့ ဆန္ဒရှိလာရင် ချမှတ်ပြဌာန်းသွားမှာပဲ ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly