7 July တွင်ပါဝင်ခဲ့သည့် ကျောင်းသား ၈ဦး ကို ပုဒ်မ၁၉ ဖြင့်တရားစွဲဆိုခြင်းအား သမဂ္ဂ အဖွဲ့များ ဆန္ဒပြ

7 July တွင်ပါဝင်ခဲ့သည့် ကျောင်းသား ၈ဦး ကို ပုဒ်မ၁၉ ဖြင့်တရားစွဲဆိုခြင်းအား သမဂ္ဂ အဖွဲ့များ ဆန္ဒပြ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ဇူလိုင်လ ၁၇ ။         ။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ၅၇ နှစ်မြောက် 7 July အောက်မေ့ဖွယ် လမ်းလျှောက်ချီတက်အခမ်းအနားတွင် ပါဝင်ခဲ့သည့် တကသ၊ဗကသ ကျောင်းသား ၈ ဦး ကိုပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း နှင့်ပတ်သက်ပြီး ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းအချိန် က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်တွင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ကျွန်တော်တို့ 7 ဇူလိုင် တုန်းက စီတန်းအလေးပြုတဲ့ ကျောင်းသားသမဂ္ဂတွေ ရဲ့အလေးပြုစစ်ကြောင်းတွေရဲ့ခေါင်းဆောင်တွေကို မတရားတဲ့ဥပဒေပေါ့ တစ်လျှောက်လုံး ငြိမ်းစုစီ ပုဒ်မ ကို ဒီမိုကရေစီစံနှုန်းနဲ့မညီဘူး ဆန့်ကျင့်နေတဲ့ ပုဒ်မ ၁၉ နဲ့ တရားစွဲတယ်။ အားလုံး ၈ ယောက် ဒါကြောင့်မို့ အစိုးရ ရဲ့လုပ်ရပ်ကို ဒါမှမဟုတ် ပြည်ထဲရေး ဖြစ်စေ၊ စစ်တပ်က ဖိအားပေးလို့ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မတရားတဲ့ဥပဒေနဲ့တရားစွဲတဲ့ဟာကို ဆန့်ကျင့်တဲ့အနေနဲ့ ချီတက်ဆန္ဒပြတာပါ " ဟု ပုဒ်မ ၁၉ ဖြင့်တရားစွဲဆိုခြင်းခံထားရသည့် ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ် က မဇ္စျိမ သတင်းဌာန ကိုပြောသည်။

အဆိုပါ ကန့်ကွက် ချီတက်ဆန္ဒပြခြင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဗကသ ကျောင်းသားများ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ၊ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ တို့  ၏ ကြောငြာချက်များကို မီဒီယားများ ၏ ရှေ့တွင် ဖတ်ကြားခဲ့သည်။

သမဂ္ဂမြက်ခင်းပြင် ပေါ်တွင် ကျောင်းသားသမဂ္ဂသီချင်း သီဆိုခြင်း ၊ တစ်မိနစ် ငြိမ်သက်ခြင်းများ ပြုလုပ်ပြီးနောက်တွင် သမဂ္ဂမြက်ခင်းပြင် မှ  ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမရှေ့ ထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသည်။

လမ်းလျှောက်ချီတက်ရာတွင်  "မတရားစွဲဆိုခံထားရသော အမှုများရုတ်သိမ်းပေးရေး ၊ ဒီမိုကရေစီစံနှုန်း နှင့် မညီသောမတရားဥပဒေများ ဖျက်သိမ်းရေး ၊ ဒို့ကျောင်းသားတွေညီရဲ့ လားဟေ့ " စသည် ကြွေးကြော်သံတို့ကို လမ်းလျှောက် ကြွေးကြော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required