ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ယေဘုယျ သဘောတူညီချက်ဖြင့် ရပ်တန့်မနေသင့်တော့ဟု KNPP ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ယေဘုယျ သဘောတူညီချက်ဖြင့် ရပ်တန့်မနေသင့်တော့ဟု KNPP ပြော
ဇူလိုင် ၁ရရက်က NRPC နှင့် KNPP တို့ နေပြည်တော်တွင် ဆွေးနွေးနေစဉ် (ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁ရရက်၊ ၂၀၁၉ခုနှစ်)။ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြီးတိုင်း ယေဘုယျ သဘောတူညီချက် အဖြေမျိုးဖြင့် ရပ်တန့် မနေသင့်တော့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၏ ဒုတိယဥက္ကဌဖြစ်သူ ခူဦးရယ်က ပြောကြားလိုက်သည်။

လူကြားကောင်းအောင် ယေဘုယျအဖြစ် သဘောတူသည့် အဆင့်ကို ကျော်လွန်ကာ ခိုင်မာ၊ တိကျသည့် လုပ်ငန်း အဖြေရှာမှုမျိုးကို ဦးတည်သင့်သည်ဟု နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန(NRPC)တွင် ဇူလိုင်လ ၁ရရက်က KNPP နှင့် NRPC တို့ တွေ့ဆုံဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ခူဦးရယ်က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ယေဘုယျ သဘောတူတယ်ဆိုတဲ့ ဝေါဟာရကို သုံးသပ်ခြင်းအားဖြင့် အဆုံးမှာ ဘယ်လိုပဲ ကောက်ချက်ချသလဲဆိုရင် ယေဘုယျဆန်ဆန် သဘောတူတဲ့ဟာတွေဟာ သဘောမတူသလိုပဲ ဖြစ်သွားတယ်လို့ ကျွန်တော့် စိတ်ထဲမှာ ခံစားရပါတယ်” ဟု ၎င်းက ဆိုသည်။

KNPP သည် ယခင် အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်ခဲ့သည့် အချိန်မှ စတင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ဖြစ်တည်မှုတွင်လည်း အဓိကနေရာတွင် ပါဝင်ခဲ့သည်။

 ကောက်စာ>>> “ယေဘုယျ သဘောတူတယ်ဆိုတဲ့ ဝေါဟာရကို သုံးသပ်ခြင်းအားဖြင့် အဆုံးမှာ ဘယ်လိုပဲ ကောက်ချက်ချသလဲဆိုရင် ယေဘုယျဆန်ဆန် သဘောတူတဲ့ဟာတွေဟာ သဘောမတူသလိုပဲ ဖြစ်သွားတယ်လို့ ကျွန်တော့် စိတ်ထဲမှာ ခံစားရပါတယ်- ခူဦးရယ်

 

ယနေ့ ဆွေးနွေးပွဲတွင်လည်း NCA လက်မှတ် ရေးထိုးရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သည်။

“အခုအချိန်မှာ KNPP အနေနဲ့ NCA မှာ ပါဝင်လာပြီဆိုရင် ဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အစိုးရနဲ့ ယခင်ကထက် ပိုမိုပြီး နီးနီးကပ်ကပ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်” ဟု  NRPC ဒုဥက္ကဌဖြစ်သူ ဦးထွန်းထွန်းဦးကလည်း ဆွေးနွေးပွဲ အဖွင့်တွင် ပြောဆိုသွားသည်။

ပြီးခဲ့သည့် ၂၀၁၂ ကတည်းက အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အ ပစ်အခတ်ရပ်စဲရေးဆောင်ရွက်ခဲ့သည့် KNPP သည် ခုနစ်နှစ်ကျော်အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်သာ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly