နယူးဇီလန်က ဆူရှီဆိုင်ထဲ ကျူးကျော်ရောက်ရှိနေတဲ့ ပင်ဂွင်စုံတွဲကို ရဲက သွားရောက် ဖမ်းပေးခဲ့ရ

နယူးဇီလန်က ဆူရှီဆိုင်ထဲ ကျူးကျော်ရောက်ရှိနေတဲ့ ပင်ဂွင်စုံတွဲကို ရဲက သွားရောက် ဖမ်းပေးခဲ့ရ

ဇူလိုင် ၁၇ ။         ။ နယူးဇီလန်နိုင်ငံက ဆူရှီဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က ထူးထူးခြားခြား ပင်ဂွင်ငှက်ငယ် နှစ်ကောင် ကျူးကျော်ဝင်ရောက်နေခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးပေးခဲ့ရတယ်လို့ သိရပါတယ်။

ဝယ်လင်တန်မြို့ လူစည်ကားတဲ့ ရထားဘူတာရုံတစ်ခုအနီး ဖွင့်ထားတဲ့ ယင်းဆိုင်တွင်းမှာ ငါးညှီနံ့တွေကြောင့် ခုလို ပင်ဂွင်စုံံတွဲ ဆိုင်ထဲကို ရောက်လာတာဖြစ်နိုင်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်း ပင်ဂွင် နှစ်ကောင်ကို ဆိုင်တွင်းက ရေခဲသေတ္တာအောက်ကနေ ဆွဲထုတ်ဖမ်းယူခဲ့ရပြီး ယင်းနောက် ဝယ်လင်တန် ဆိပ်ကမ်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ယင်း ချစ်စဖွယ် ပင်ဂွင်နှစ်ကောင်ဟာ အဖမ်းမခံရခင် ဆူရှီဆိုင်တွင်းမှာ အသိုက်တစ်ခုတောင် စလုပ်နေပြီ ဖြစ်ကြာင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ လူတွေနေတဲ့ အိမ်တွေမှာ သူတို့ အသိုက်လုပ်နေတယ်ဆိုတဲ့ သတင်းပေးမှုတွေ အနည်းအကျဉ်းတော့ ကျွန်တော်တို့ ရထားခဲ့ပါတယ်၊ ဒါပေမယ့် ခုဟာကတော့ ထူးခြားပါတယ်၊ ဘာပဲဖြစ်ဖြစ် ဝယ်လင်တန်က လူစည်ကားတဲ့ ဘူတာရုံလို နေရာမျိုးမှာမှ ဒီ ပင်ဂွင်တွေ ရောက်လာတာကတော့ ထူးခြားသွားပါတယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန မန်နေဂျာ ဂျက် မေ့စ်က ပြောသွားပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly