အသက် ၁၃ နှစ်အောက် ကလေးငယ်များ ကြည့်ရှုခြင်းကို တားမြစ်ထားသည့် “သူစိမ်းအိမ်” ရုပ်ရှင်

အသက် ၁၃ နှစ်အောက် ကလေးငယ်များ ကြည့်ရှုခြင်းကို တားမြစ်ထားသည့် “သူစိမ်းအိမ်” ရုပ်ရှင်
ဓာတ်ပုံ - ဖူးအိအိနွယ်

ဇူလိုင် ၁၇၊ ရန်ကုန် ။        ။ သည်းထိတ်ရင်ဖိုစရာ ရုပ်ရှင်ကားတစ်ကားဖြစ်သည့်  “သူစိမ်းအိမ်” ရုပ်ရှင်ကို အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုခြင်းမပြုရန် တားမြစ်ထားကြောင်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောသည်။

“အနုပညာရှင်တစ်ယောက်အနေနဲ့ကတော့ ကျွန်တော် ကိုယ့်ဘာသာဇာတ်လမ်းဖန်တီးတဲ့အချိန်မှာ  ဘောင်တွေမထားထားဘူး။ စည်းတွေမထားထားဘူး။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာကို လွတ်လွတ်လပ်လပ်ဖန်တီးထားတယ်။ ဒါပေမယ့် အဲ့ဒီအနုပညာတစ်ခုက ထွက်လာတဲ့အချိန်မှာတော့ ဘယ်လိုပရိသတ်မျိုးနဲ့တော့ သင့်တော်တယ်။ ဘယ်အရွယ်တွေကတော့ ကြည့်လို့မသင့်တော်ဘူးဆိုတာ ရှိလာပြီပေါ့နော်။

အဲ့ဒီလိုအချိန်မှာ ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ တစ်ချို့ ပြကွက်လေးတွေပေါ့နော်။ရက်စက်တဲ့အကွက်လေးတွေလည်း ပါတယ်။ Trailer မှာထက်ကို အများကြီး ရက်စက်တဲ့အကွက်လေးတွေ ပါတဲ့အတွက်ကို  အရမ်းငယ်တဲ့ ကလေးတွေ ကြည့်ပြီးတော့ ကြောက်သွားမှာတို့၊ ဘာတို့ အဲ့လိုဖြစ်မှာစိုးတဲ့အတွက် Production ကနေပဲ PG-13 လို့ သတ်မှတ်ပေးလိုက်တာပါ” ဟု ၄င်းက ပြောသည်။

 “သူစိမ်းအိမ်” ရုပ်ရှင်တွင် လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ ချာလီ၊ ရှိန်းတင်ထူး၊ ဂျိုကာ၊ မော်ရိန်းလုဆန်၊ အားကိုးရာ စသည့်  အနုပညာရှင်များပါဝင်သရုပ်ဆောင်ထားပြီး  ဝါရင့်သရုပ်ဆောင်များနှင့် တက်သစ်စ သရုပ်ဆောင်များ  ယှဉ်တွဲသရုပ်ဆောင်ထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ဇာတ်ညွှန်းကို စာရေးဆရာမ ခမ်းမွန် ရေးသားထားပြီး သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ကို လူသတ်သမားတစ်ယောက်အနေနှင့် တွေ့မြင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်မ ဒီကားထဲမှာ လူသတ်သမားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခွင့် ရတယ်။ လူတွေကို ရက်ရက်စက်စက်၊ စိတ်လိုလက်ရသတ်ရတဲ့ အကြောင်းအရင်း ခိုင်ခိုင်လုံလုံရှိတဲ့အတွက် ကျွန်မလုပ်ရတာ အရမ်းအဆင်ပြေတယ်။ နောက် ကျွန်မဒီကားမှာဆိုရင် ဇာတ်အိမ်၊ ဇာတ်လမ်းနဲ့ ကာရိုက်တာက ကျွန်မကို ခိုင်းထားတဲ့ နေရာက၊ ကျွန်မရဲ့အသက်အရွယ်နဲ့ရော၊ ကျွန်မရဲ့ ခက်ထန်မာကြောတဲ့ တစ်ချို့အမူအရာတွေနဲ့ အလွန်လိုက်ဖက်တယ်လို့လည်း ကျွန်မခံစားရပါတယ်။ ကျွန်မရိုက်ခွင့်ရတာ သိပ်ကျေးဇူးတင်ပါတယ်။ ကျေနပ်ပါတယ်” ဟု သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

ညရုပ်ရှင်ဇာတ်ကားဖြင့် လူသိများလာခဲ့သည့် လူငယ်ဒါရိုက်တာထူးပိုင်ဇော်ဦး၏  ဒုတိယမြောက်ဇာတ်ကားတစ်ကားဖြစ်သော “သူစိမ်းအိမ်” ရုပ်ရှင်ကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်ပြီး ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly