မြန်မာ- ထိုင်း နယ်စပ် ဆင်ခွန်းဂိတ်တွင် ရောင်းချနေသည့် သစ်ခွပန်းအရောင်းအဝယ် ကျဆင်း

မြန်မာ- ထိုင်း နယ်စပ် ဆင်ခွန်းဂိတ်တွင် ရောင်းချနေသည့် သစ်ခွပန်းအရောင်းအဝယ် ကျဆင်း
ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်)

မောတောင်၊ ဇူလိုင် ၁၇ ။       ။ မြန်မာ- ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်နှင့်ဆင်ခွန်းဂိတ်တို့တွင် ရောင်းချနေသည့် မြန်မာသစ်ခွ မျိုးစိတ်များကို နှစ်ဖက်လုံးမှ ဖမ်းဆီးမှုများရှိနေသည့်အတွက် အရောင်းအဝယ် ကျဆင်းနေကြောင်း သိရသည်။

“အခုက သစ်ခွပန်းတွေ အရောင်းအဝယ် အေးနေပါတယ်၊ နှစ်နိုင်ငံကြားက လုံခြုံရေးဂိတ်တွေမှာ အဖမ်း အဆီးတွေများတော့ ရောင်းသူ၊ ဝယ်သူတွေက မဝယ်ရဲကြလို့ ဖြစ်ပါတယ်၊ ဒီလို ဖြစ်နေတော့ မြန်မာစျေးသည်တွေမှာ အခက်အခဲ ဖြစ်နေသလို ဘယ်နေ့ ရဲလာဖမ်းမယ်ဆိုတာကိုပဲ စိုးရိမ်နေရတယ်”ဟု ထိုင်း ဆင်ခွန်းဂိတ်တွင် သစ်ခွပန်းရောင်းချနေသည့် မောတောင်ဒေသခံ ဦးလှဝင်းက ပြောဆိုသည်။

တနင်္သာရီရိုးမအတွင်းမှထွက်ရှိသည့်  သစ်ခွပန်းမျိုးစိတ် ၁၀၀၀ ကျော်ကို ထိုင်းနိုင်ငံ၊ ဆင်ခွန်းအထူးယာယီဂိတ် တွင် မြန်မာဘက်ခြမ်းမှ သွားရောက်ရောင်းချနေခြင်း ဖြစ်သည်။

 “အရင်က ဆိုရင် နယ်စပ်ဂိတ် ၂ ခုမှာ စျေးသည်တွေကို တရားဝင် ဖြတ်သန်းရောင်းဝယ်ခွင့် ပြုထားပါတယ်၊ အခုဆိုရင် လျှို့ဝှက်ပြီး ဆင်းနေရလို့ ပန်းစျေးသည်တွေမှာ အရောင်းဝယ်လုပ်ဖို့ ခက်ခဲနေပါတယ်၊ မြန်မာ သစ်ခွတွေဆိုရင် ထိုင်းက ဖမ်းလိုက်၊ မြန်မာက ဖမ်းလိုက်နဲ့ ထိုင်းသစ်ခွမျိုးစိတ်တွေဆိုရင် ၂ နိုင်ငံလုံးက အဖမ်း အဆီးမရှိ သယ်ယူခွင့် ပေးထားပါတယ်”ဟု သစ်ခွပန်းစျေးသည် ဒေါ်မီးမီးက ပြောသည်။

လက်ရှိတွင် မြန်မာ သစ်ခွများကို နှစ်ဖက်လုံးမှ ဖမ်းဆီးနေပြီး မြန်မာစျေးသည်များ လာရောက်ရောင်းချမှု နည်းပါးသွားခြင်း ဖြစ်သည်။

သစ်ခွပန်းရောင်းချရာတွင် လွှတ်လွှတ်လပ်လပ်ရောင်းချနိုင်ရေးအတွက် မြန်မာ- ထိုင်းအစိုးရများ တွေ့ဆုံ ညှိနှိုင်းကာ တရားဝင် အခွန်ဆောင်ပြီး၊ ရောင်းချခွင့် ပြုလုပ်ပေးရန် လိုလားနေကြောင်း မြန်မာစျေးသည်များဘက်မှ ဆိုသည်။

ဆင်ခွန်းဂိတ်ရှိ သစ်ခွပန်းစျေးတန်းတွင် မြန်မာမျိုးစိတ် သစ်ခွပန်းနှင့် ထိုင်းမျိုးစိတ် သစ်ခွပန်းဟု၍ အမျိုးအစား ၂ မျိုးကို ရောင်းချနေရာမှ သဘာဝအတိုင်း တနင်္သာရီရိုးမအတွင်းမှ ကောက်ယူလာသည့် မြန်မာသစ်ခွပန်း မျိုးစိတ်က ပိုအရောင်းအဝယ် ဖြစ်နေပြီး၊ ထိုင်းဘက်မှ သစ်ခွပန်းစိုက်ပျိုးဝါသနာပါသူများက မြန်မာသစ်ခွ အရိုင်းကို ကြိုက်နှစ်သက်ကာ ဝယ်ယူလေ့ရှိကြောင်း သိရသည်။

“သစ်ခွပန်းက လက်ရှိမှာ သောကြာနေနဲ့ စနေနေ့တွေလောက်ပဲ နည်းနည်းပါးပါး အရောင်းအဝယ် ဖြစ်ပါတယ်၊ ကျန်တဲ့ရက်တွေမှာ အရောင်းအဝယ် မရှိပါဘူး”ဟု စျေးသည် ဒေါ်လှသန်းက ပြောဆိုသည်။

၂၀၁၃ ခုနှစ်က တရားဝင်ဖွင့်လှစ်ခဲ့သည့် မောတောင်နယ်စပ်ဂိတ်သည် မြိတ်မြို့မှ မိုင် ၁၅၀ ဝေးကွာပြီး ယခင်ကတည်းက မြန်မာဖက်မှ သစ်တောထွက်ပစ္စည်းများနှင့် သစ်ခွမျိုးစိတ်များကို သွားရောက်ရောင်းချမှုများ ရှိနေခြင်း ဖြစ်သည်။

သစ်တောဌာနဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဥပဒေတွင်  လုံးဝကွယ်ထားသော သဘာဝအပင်များနှင့် နိုင်ငံတကာကုန်သွယ်မှုတွင် ထိန်းချုပ်ထားသော အပင်ကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကို ဖြစ်စေ ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ စုဆောင်းခြင်း၊ လက်ဝယ်ထားခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်း ပြုလုပ်လျှင် ဖြစ်စေ၊ ပြည်ပသို့ တင်သွင်း၊တင်ပို့ရောင်းချခြင်း ပြုလုပ်လျှင် ထိုသူကို ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required