မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ သိနိုင်မယ့်လက္ခဏာတွေ

မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ သိနိုင်မယ့်လက္ခဏာတွေ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   
မိခင်နို့ရည်ဆိုတာ မွေးကင်းစ ကလေးတွေအတွက် အာဟာရအရှိဆုံး စားစရာဆိုတာ သိပြီးသား ဖြစ်မှာပါ။ ကလေးမွေးပြီး အသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ အဓိကထားပြီး တိုက်သင့်ပါတယ်။ မိခင်နို့ရည်မှာ ကလေးကို ဖျားနာခြင်းကင်းစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေ အလွယ်တကူ ဖြစ်မလာနိုင်အောင် ကာကွယ်ပေးနိုင်တယ်။

အာဟာရပြည့်ဝတဲ့ မိခင်နို့ရည်ထွက်လာဖို့အတွက် မိခင်ရဲ့ ကျန်းမာရေးဟာ အရေးကြီးသလို နေထိုင်စားသောက်ပုံတွေ၊ အာဟာရပြည့်ဝမှုတွေဟာလည်း သိပ်ကို အရေးကြီးပါတယ်။ မိခင်ကျန်းမာမှ နို့ရည်ကောင်းကောင်းထွက်နိုင်မယ်။ ဒီအခါမှ ကလေးတွေလည်း ကျန်းမာမယ်။

ဒါဆိုရင် မိခင်နို့ရည်ဟာ ကလေးတွေအတွက် အရေးကြီးဆုံးအရာဆိုတာ သိပြီးပြီဆိုတော့ မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ၊ ကလေးကို နို့ပုံမှန်တိုက်နေပါရဲ့နဲ့ ဘာကြောင့် ကြီးထွားဖွံ့ဖြိုးမှု နှေးနေတာလဲ ဆိုတဲ့ သတိထားသင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။ မေမေတွေအနေနဲ့ ဒီအချက်တွေမှာ ကိုယ့်ကလေးနဲ့ ကိုက်ညီနေတယ်ဆိုရင် ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပီး ကိုယ့်ရဲ့ မိခင်နို့ရည်မှာ အာဟာရပြည့်ဝမှု နည်းနေလားဆိုတာကို စစ်ဆေးသင့်ပါတယ်။
၁။ ကလေး ကိုယ်အလေးချိန် တက်မလာဘူးဆိုရင်

မွေးရာပါ ရောဂါအကြောင်းရင်းတစ်ခုခုရှိတာကလွဲရင် မိခင်နို့ရည်ကို ပုံမှန်သောက်သုံးနေရတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန်တက်မလာစရာ အကြောင်းမရှိပါဘူး။ ဒါဆိုရင် မိခင်နို့ရည်ဟာ အာဟာရမပြည့်ဝဘူးလို့ သံသယဖြစ်စရာ ပေါ်လာပါပြီ။ ကိုယ်အလေးချိန်မတက်တဲ့ ကလေးတွေဟာ မကြာခဏ ဖျားနာလာနိုင်တယ်။ ဦးနှောက်နဲ့ ဉာဏ်ရည်၊ စိတ်ပိုင်းဆိုင်ရာမှာလည်း အနှောင့်အယှက်၊ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၂။ ကလေး ကိုယ်အလေးချိန် ကျလာပြီဆိုရင်

ကလေး နေ့စဉ်လိုအပ်တဲ့ အာဟာရတွေကို မိခင်နို့ရည်ကနေ မရနိုင်တဲ့အခါ ကိုယ်တွင်းမှာ ရှိနေတဲ့ အဆီတွေကို ချေဖျက်ရပါတယ်။ ဒီအခါမှာ ကလေးတွေ ကိုယ်အလေးချိန်ကျလာတယ်။ ကိုယ်တွင်းအပူချိန် ကျဆင်းလာတယ်။ မွေးပြီး ပထမပတ်မှာ ကိုယ်အလေးချိန်ရဲ့ ၁ဝရာခိုင်နှုန်း ကျဆင်းသွားတာ ကလေးတိုင်းရဲ့ သဘာဝပါ။ ဒီကျဆင်းသွားတဲ့ အလေးချိန်ကို ၂ပတ်အတွင်းမှာ ပြန်မတက်လာဘူးဆိုရင်တော့ စိုးရိမ်စရာ ကိစ္စ ဖြစ်လာပါပြီ။
၃။ ချူချာလွန်းတဲ့ ကလေးတွေ

မိခင်နို့ရည်ဟာ ကလေးတွေကို ဖျားနာတာ၊ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အတွက် အာဟာရမပြည့်ဝတဲ့ ကလေးတွေဟာ မကြာခဏ ဖျားနာတတ်တာ၊ ချူချာလွန်းတာ သဘာဝပါပဲ။ မိခင်နို့ရည် အာဟာရမပြည့်တာအပြင် တခြားအကြောင်းရင်းတွေပါ ရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးမှု ပြလုပ်သင့်ပါတယ်။
၄။ ကြီးထွားမှုနှုန်း နှေးကွေးတဲ့ ကလေးတွေ

ကလေးရဲ့ ကြီးထွားမှုအတွက် အာဟာရပြည့်ဝဖို့ဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အသက် ၂လမှာ ကလေးဟာ ပြုံးနိုင်ပြီ။ အသံလာရာ ခေါင်းလှည့်တတ်ပြီ။ အသက် ၄လအရွယ်မှာ သူတို့ အရုပ်လေးတွေကို လက်လှမ်းမီဖို့ ကြိုးစားကြမယ်။ အသက် ၆လအရွယ်မှာ သူစိမ်းတွေကို ခွဲခြားတတ်လာမယ်။ နာမည်ခေါ်ရင် လှည့်ကြည့်တတ်လာမယ်။ အသံပေးတတ်လာမယ်။ ဒီလို ဦးနှောက်နဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုဟာ သာမန်ကလေးတွေထက် နှေးကွေးနေပြီဆိုရင်တော့ မိခင်နို့ရည် အာဟာရမပြည့်ဝတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၅။ အားမရှိတဲ့ ကလေးတွေ

ကယ်လိုရီဓာတ်တွေ လုံလောက်စွာ မရတဲ့ ကလေးတွေဟာ အားမရှိသလို၊ နုံးချိသလို ဖြစ်နေတတ်ပါတယ်။ ဒီလိုကကေးတွေဟာ အချိန်အကြာကြီး အိပ်စက်နေတတ်ပြီး နိုးလာတဲ့အခါမှာလည်း ပျော့ခွေသလို၊ အားမရှိတဲ့ ပုံစံဖြစ်နေတတ်ပါတယ်။ တချို့ကလေးတွေဆိုရင်လည်း ငိုသံတိုးတိုးလေးပဲ ထွက်တတ်ပါတယ်။
၆။ ကလေးက ဆီး၊ ဝမ်းထွက်နည်းတယ်ဆိုရင်

မိခင်နို့ရည်ကနေ အာဟာရပုံမှန် ရနေတဲ့ကလေးဟာ အစာခြေစနစ် ကောင်းတဲ့အတွက် ဆီးနဲ့ ဝမ်းလည်း မှန်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ ကိုယ့်ရဲ့ ကလေးက ဆီးပုံမှန် မသွားဘူး၊ ဝမ်းသွားတာလည်း နည်းတယ်ဆိုရင် မိခင်နို့ရည်ကို စစ်ဆေးသင့်ပါပြီ။ ကလေးတွေ ရေဓာတ်ခမ်းခြောက်မယ်။ နို့အန်လာမယ်။ ကလေးကို ကျွေးတဲ့ အစားအစာကြောင့်လည်း ဆီးနဲ့ ဝမ်းမှာ ပြောင်းလဲမှုဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသတဲ့အခါမှာ သေချာပြောပြထားသင့်ပါတယ်။
၇။ ကိုယ့်ကလေးက မကြာခဏ ငိုနေပြီဆိုရင်

လူကြီးတွေ ဗိုက်ဆာရင် စိတ်တိုလာတယ်၊ ဒေါသဖြစ်လွယ်လာတဲ့အတိုင်းပါပဲ။ ကလေးတွေရဲ့ ဦးနှောက်က အာဟာရဓာတ် လုံလောက်စွာ မရနိုင်တဲ့အခါ စိတ်မကြည်မသာ ဖြစ်လာတယ်။ မကြာခဏ ငိုမယ်။ အားမရှိသလို ဖြစ်နေမှာပါ။
၈။ ကလေးက ဖောင်းကြွနေမယ်ဆိုရင်

ကိုယ်အလေးချိန် တက်တာမျိုးမဟုတ်ပဲ ကလေးရဲ့ ပါးတွေ၊ ဗိုက်တွေ၊ ကိုယ်ခန္ဓာက ဖောင်းကြွနေတယ်လို့ သံသယရှိပြီဆိုရင် မိခင်နို့ရည်ကို သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ပရိုတင်းဓာတ်နည်းနေတဲ့ မိခင်နို့ရည်ကြောင့် ကလေးတွေ ပါးဖောင်းကြွတာမျိုး ဖြစ်တတ်ပါတယ်။
၉။ ကလေးအသား အေးတိအေးစက် ဖြစ်နေရင်

ကလေးတွေဟာ လူကြီးတွေနဲ့ ယှဉ်လို်က်ရင် ကိုယ်အလေးချိန်၊ အဆီနည်းတဲ့အတွက်ကြောင့် ရာသီဥတုပေါ်မူတည်ပြီး ကိုယ်အပူချိန် ကျဆင်းတာ မြန်နိုင်ပါတယ်။ လူကြီးတွေအတွက်တော့ သိပ်ပြဿနာမရှိပေမယ့် ကလေးတွေအတွက်တော့ ဒါဟာ အန္တရာယ်ဖြစ်နိုင်ပါတယ်။
၁၀။ မိခင်က ကိုယ်အလေးချိန်အလွန် ကျဆင်းနေပြီဆိုရင်

တချို့မိခင်တွေဟာ ကလေးမွေးပြီးတာနဲ့ ကိုယ်အလေးချိန်ကို အလျင်အမြန်ပြန်ကျစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တတ်တယ်။ မိခင်ရဲ့ ကိုယ်အလေးချိန်ဟာ နို့ရည်ရဲ့ အာဟာရပြည့်ဝမှုပေါ်မှာ သွားပြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့ အစားလျှော့စားတာ၊ ကိုယ်အလေးချိန်ကျစေမယ့် အစားအစာတွေ ရွေးပြီး စားသုံးတဲ့အခါမှာ မိခင်နို့ရည်မှာ ပါသင့်တဲ့ အာဟာရတွေ နည်းသွားပါတယ်။
၁၁။ မိခင်က ရေဓာတ်ခမ်းခြောက်တဲ့အခါ

မိခင်နို့ရည် များများထွက်ဖို့နဲ့ အာဟာရပြည့်ဝဖို့ မေမေတွေ အစားအစာကို ဂရုစိုက်သင့်တဲ့အပြင် ရေများများသောက်ဖို့လည်း အရေးကြီးပါတယ်။ ရေဓာတ်ခမ်းခြောက်သွားတဲ့အခါ မိခင်နို့ထွက်နည်းမယ်။ နို့ရည်မှာလည်း အာဟာရဓာတ်တွေ ပါသင့်သလောက် မပါတော့ပါဘူး။
၁၂။ နေရောင်ခြည်နဲ့ မထိတွေ့တာကြောင့်

နေရောင်ခြည်ဟာ သဘာဝအတိုင်း ဗီတာမင် D ကို ရစေနိုင်တဲ့ အရာတစ်ခုပါ။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ ဗီတာမင် D ဓာတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ မိခင်ရော ကလေးပါ နေရောင်နဲ့ သိပ်ပြီး မထိတွေ့တဲ့အခါ ဗီတာမင် D ဓာတ်တွေ နည်းသွားနိုင်ပါတယ်။ ဒါကြောင့် နေအရမ်းပူလွန်းတဲ့အချိန်ထက်စာရင် မနက်ခင်း နေထွက်ကာစအချိန်လေးမှာ မေမေနဲ့ ကလေးတွေ အပြင်ထွက် လမ်းလျှောက်ပြီး လေကောင်းလေသန့်ရှူရှိုက်ရင်း နေရောင်ခြည်နဲ့ ထိတွေ့သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly