မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့

မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ဆိုရိုးက မှန်သင့်တဲ့နေရာမှာမှန်ပေမယ့် အချို့သောအရာတွေက သေချာမဆန်းစစ်ဘဲ လက်ခံလာခဲ့ကြ လက်ဆင့်ကမ်းလာခဲ့ရင်းက မှားယွင်းတဲ့အယူအဆတွေကို လက်ခံထားမိရက်သားဖြစ်နေတတ်ကြပါတယ်နော်။ အယူအဆအမှားဆိုပေမယ့် စေတနာနဲ့စိတ်ပူပြီးပြောရာကနေဖြစ်ပေါ်လာတဲ့ အယူအဆအမှားတွေပါ။ ဒီတစ်ခေါက်တော့ ရှေးထုံးမပယ်ဘဲ လုပ်မိနေတဲ့ မိခင်နို့တိုက်ကျွေးခြင်းနဲပပတ်သက်တဲ့ အယူအဆအမှားတွေအကြောင်း ပြောပြချင်ပါတယ်နော်။
မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့သိထားမိနိုင်တဲ့ အယူအဆအမှားအချို့

နို့တိုက်မိခင်က အစားများများစားမှ နို့လုံလောက်အောင်တိုက်နိုင်မယ်

ဒါကမမှန်ပါဘူး။ နို့တိုက်နေရတဲ့ မေမေတစ်ယောက်အနေနဲ့ ပုံမှန်စားနေကျအတိုင်းစားရင်ကို အာဟာရလုံလောက်နေပါပြီနော်။ နို့တိုက်နေရလို့ဆိုပြီး  အစားတွေအများကြီးပိုစားဖို့တော့မလိုပါဘူး။ အာဟာရမျှတစွာနဲ့ ပုံမှန်စားနေကျအတိုင်းအတာ အတိုင်းပဲစားပေးပါနော်။ အစားတွေအများကြီးစားရင်းက မလိုလားအပ်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။

နို့တိုက်နေရလို့ ရေများများသောက်ရမယ်

နို့တိုက်မေမေဖြစ်လို့ဆိုပြီး တစ်ချိန်လုံးရေသောက်နေစရာတော့မလိုပါဘူးနော်။ ရေဆာတဲ့အချိန်မှာတော့ ရေသောက်ရမှာမှန်ပေမယ့် ရေမဆာဘဲ ကလေးနို့တိုက်နေရလို့ဆိုပြီး မဖြစ်မနေသောက်တာမျိုးတော့မလုပ်ပါနဲ့။

ကလေးနို့အများကြီးသောက်တာက နို့မဝဘူးဆိုတဲ့အဓိပ္ပါယ်ပါ

မိခင်နို့က အစာကြေလွယ်ပါတယ်။ မေမေ့နို့ပဲသောက်နေရတဲ့ဘေဘီလေးက ခဏခဏဆာနေတာကပုံမှန်ပါပဲ။ ဒါကြောင့် ကလေးကနို့ခဏခဏသောက်တာဟာ နို့မဝလို့မဟုတ်ပါဘူး။ ဘေဘီလေးရဲ့အစာအိမ်လေးကလည်းသေး မေမေ့နို့ကလည်း အစာကြေလွယ်တော့  ဘေဘီလေးခဏခဏနို့သောက်ရပြီပေါ့။ ကလေးက ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါနို့သောက်တာက ပုံမှန်ပါနော်။

ကလေးကိုနို့မတိုက်ခင် နို့သီးခေါင်းတွေဆေးဖို့လိုမယ်

ဒါကလည်း ဘေဘီလေးတွေကို စိုးရိမ်လွန်ရာကနေဖြစ်လာတဲ့ ယုံတမ်းစကားတစ်ခုပါ။ ကလေးတွေဟာမွေးဖွားလာစဉ်ကတည်းက မေမေ့ရဲ့ ကိုယ်နံ့ နဲ့အသံတို့ကို ရင်းနှီးပြီးသားပါ။ နို့သီးခေါင်းမှာ အနံ့တစ်ခုရှိနေသလို ဘေဘီလေးတို့ကို ကိုယ်ခံအားကောင်းစေနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေရှိနေပါတယ်။ ဒါကြောင့် ကလေးကိုနို့တိုက်နေရတဲ့မေမေတွေအနေနဲ့ ရေချိုးချိန်မှာ နို့သီးခေါင်းကို သေချာဆေးကြောပေးရင်ကို လုံလောက်ပါပြီနော်။

နို့တိုက်နေရလို့ အစားတွေကို အဖြူထည်ပဲ စားရမယ်

နို့တိုက်မေမေမှ မဟုတ်ပါဘူး။ သက်ရှိတိုင်းဟာ အာဟာရမျှတဖို့လိုမှာပါ။ ဒါကြောင့် လုံလောက်တဲ့ အာဟာရ ရရှိစေဖို့ အစားအစာတွေကို ပုံမှန်စားနေကျအတိုင်းပဲစားပေးပါ။ ကလေးဟာ မေမေ့ဗိုက်ထဲမှာရှိစဉ်ကတည်းက အစားအစာတွေနဲ့ ထိတွေ့လာပြီးသားဖြစ်တာကြောင့် ဘာမှ သိပ်မထူးသွားပါဘူး။ ဒါကြောင့်နို့တိုက်နေရပေမယ့်လည်း အာဟာရကို မျှတအောင်စားပေးပါ။

လေ့ကျင့်ခန်းလုပ်တာက နို့ရဲ့အရသာကို ထိခိုက်စေနိုင်တယ်

လေ့ကျင့်ခန်းလုပ်တာက နို့တိုက်မေမေကို ပိုတောင်ကျန်းမာစေနိုင်ပါသေးတယ်။ နို့တိုက်မေမေအနေနဲ့ လေ့ကျင့်ခန်းလုပ်တာကြောင့် နို့ရဲ့ အရသာကိုထိခိုက်သွားတာမျိုးမရှိပါဘူး။

ဖျားနေရင် နို့မတိုက်ရဘူး

သာမန်ဖျားနာတာလောက်ကတော့ နို့တိုက်လို့ရပါတယ်နော်။ ကူးစက်နိုင်တဲ့ရောဂါအခံတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကလေးကို နို့မတိုက်သင့်ပါဘူးနော်။ ဒါကြောင့်အဖျားသွေးရှိနေရင်လည်း ဘေဘီလေးကိုနို့ဆက်တိုက်ပါ၊လို့ပြောပါရစေနော်။

ဆေးတစ်ခုခုသောက်ထားရင် ကလေးကိုနို့မတိုက်ရဘူး

ဒါကတော့ ဆရာဝန်နဲ့သေချာတိုင်ပင်ရမယ့် ကိစ္စပါ။ ဆေးတွေကို ဘယ်အချိန်သောက်ရမယ်။ ဘယ်အချိန်မှာ နို့တိုက်ရမလဲဆိုတာကို ဆရာဝန်နဲ့ သေချာလေးတိုင်ပင်ကြည့်ပါ။ ဆေးသောက်ထားတိုင်းကလေကို နို့မတိုက်ရဘူးဆိုတာကတော့ အပြည့်အဝမမှန်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly