စက်လှေမှောက်ရာမှ ပျောက်ဆုံး ကျောင်းသူ ၂ ယောက်အား ၅ ရက်ကြာသည်အထိ မတွေ့ရှိသေး

စက်လှေမှောက်ရာမှ ပျောက်ဆုံး ကျောင်းသူ ၂ ယောက်အား ၅ ရက်ကြာသည်အထိ မတွေ့ရှိသေး
ဓာတ်ပုံ-ဦးအေးလှိုင်ဦး

မကွေး၊ ဇူလိုင် ၁၇ ။         ။ မင်းတုန်းချောင်းအတွင်း စက်လှေတိမ်းမှောက်မှုမှ  ကျောင်းသူ ၂ ယောက်အား အသက်သေဆုံးလျှက် ရှာဖွေ တွေ့ရှိခဲ့ပြီး ကျန်ကျောင်းသူ ၂ ယောက်အား ယနေ့ ဇူလိုင် ၁၇ ရက်နေ့အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

“ နှစ်ယောက်က တစ်ယောက်မှ ရှာမတွေ့ဘူး။ ခုထိ သတင်းမရဘူးဗျ။ ကျွန်တော်တို့ကံမဘက်ကို ချိတ်ဆက်ပြီး လူသအေလောင်း ၊ အထူးသဖြင့် အမျိုးသမီးအလောင်းတွေ့ရင် ဆက်သယ်ပေးဖို့ ပြောထားပါတယ်။ သတင်း စောင့်ဆိုင်းတဲ့အဆင့်ပေါ့။ ဘာလို့လဲဆိုတော့ အခုအနေအထားက ဘယ်လိုလဲလို့ မပြောနိုင်တော့ဘူးပေါ့ ဆရာရယ် ” ဟု မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက မဇ္ဈိမသို့ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းတွင် ပြောသည်။

ဖြစ်စဉ်မှာ မင်းတုန်းမြို့၊ မင်းတုန်းချောင်းတွင် ဇူလိုင် ၁၂ ရက်နေ့က ကျောင်းကြိုစက်လှေတစ်စီး တိမ်းမှောက်ပြီး ကျောင်းသူ ၄ ဦး ရေထဲမျောပါပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သက်ဆိုင်ရာအဖွဲ့စသည်းများမှ ရှာဖွေခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့က နဝမတန်းကျောင်းသူ မဂျုးဂျူး ဟန် ( အသက် ၁၅ နှစ်) ၏ ရုပ်အလောင်းကို ပထမဆုံး ရှာတွေ့ခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကံမမြို့နယ်၊ ကျီးမီးကျေးရွာအနီး ချောင်းတွင် မသက်မွန်ဇူလိုင် (အသက် ၁၃ နှစ်၊ ၇ တန်းကျောင်းသူ) ၏ ရုပ်အလောင်းအား  ထပ်မံတွေ့ရှိခဲ့သည်။

လက်ရှိအချိန်ထိ မဇွန်ပွင့်ဖြူ (၁၃ နှစ် ၇ တန်း) ၊ မချစ်စုဝေ (၁၅ နှစ် ၉ တန်း)တို့အား ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ မီးသတ်များအပြင် မန္တလေးမှ ရေငုပ်အဖွဲ့များဖြင့် ရှာဖွေသော်လည်း တွေ့ရှိခြင်း မရှိသဖြင့် လက်ရှိတွင် ရှာဖွေမှုများ ရပ်ဆိုင်းထားပြီး သတင်းအခြေအနေ စောင့်ကြည့်နေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required