မြို့ကြီး ၄ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ၊ မြို့ ၂ မြို့ စိုးရိမ်ရေရေမှတ် ကပ်လာ

မြို့ကြီး ၄ မြို့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ၊ မြို့ ၂ မြို့ စိုးရိမ်ရေရေမှတ် ကပ်လာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အနီး ရေကြီးနေသည်ကို ဇူလိုင် ၁၅ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - EPA-EFE/NYUNT WIN

ရန်ကုန်၊ ဇူလိုင် ၁၆ ။        ။ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီးမြို့များသည် စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ကြေညာသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်များအရ ဧရာဝတီမြစ်အနီးရှိ  ဗန်းမော်၊ ရွှေကူ၊ ကသာမြို့ များနှင့် ချင်းတွင်းမြစ်အနီးရှိ ခန္တီးမြို့များသည် စိုးရိမ်ရေမှတ်အထက်သို့ မြစ်ရေချိန်တိုးလာခြင်း ဖြစ်သည်။

ဓာတ်ပုံ-MOI
ရေမျက်နှာပြင်ပြောင်းလဲလာမှု ၂၄ နာရီအတွင်း ဗန်းမော်မြို့သည်  ၁၂၂၂ စင်တီမီတာ( စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာ) ၊ ရွှေကူမြို့သည် ၉၈၀ စင်တီမီတာ(စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာ) ၊ ကသာမြို့သည် ၁၀၈၁ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာ)၊ ခန္တီးမြို့သည် ၁၄၃၄ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာ) အသီးသီး ရောက်ရှိနေသည်။

ချင်းတွင်းမြစ်အနီးရှိ ဟုမ္မလင်းမြို့၊ စစ်တောင်းမြစ်အနီးရှိ မဒေါက်မြို့တို့သည်လည်း စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေပြီး ဟုမ္မလင်းမှာ လက်ရှိ ၂၈၇၂ စင်တီမီတာ (စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာ) သို့ ရောက်ရှိနေပြီး မဒေါက်မြို့မှာ ၁၀၃၀ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာ) သို့ ရောက်ရှိနေသည်။

မြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနေကြောင်း မိုးဇလမှ ယနေ့ထုတ်ပြန်သော်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၃ ရက်ကတည်းက ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရေပြန်ကြီးဝိုင်းနှင့်စက်ကုန်းပိုင်းတွင် နေအိမ်များအတွင်းသို့ ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့နေသဖြင့် ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အိမ်ခြေ ၁၁ လုံး၊ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၇ ဦးတို့ကို နီးစပ်ရာ မြဝတီဘုရားဝန်းသို့ ရွှေ့ပြောင်းပို့ဆောင်ထားရသည်။

ထို့ပြင် ဇူလိုင်လ ၁၄ ရက်ကလည်း ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့၏ စိုးရိမ်ရေမှတ် ၅၈၀ စင်တီမီတာ (၁၉ ပေ) မှ ၅၉၉ စင်တီမီတာ (၁၉.၆၅ ပေ) ရောက်ရှိနေကာ ၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ် ၈၁၀ စင်တီမီတာ( ၂၆ ဒဿမ ၅၈ ပေ) မှ ၉၂၁ စင်တီမီတာ( ၃၀ ဒဿမ ၂၁ ပေ) အထိ ကျော်လွန် ရောက်ရှိနေသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး မိုးသည်းထန်နိုင်သောကြောင့် မြစ်ရေချိန်ထပ်မံတိုးလာဖွယ် ရှိနေပြီး ရေဘေးသင့်သူဦးရေ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထပ်တိုးလာနိုင်ဖွယ်ရှိနေသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly