မြန်မာနိုင်ငံ ဒေသအတော်များများတွင် မိုးသည်းထန်မည်

မြန်မာနိုင်ငံ ဒေသအတော်များများတွင် မိုးသည်းထန်မည်
ရန်ကုန်မြို့တွင် မိုးရွာသွန်းနေသည်ကို ဇွန် ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-YE AUNG THU / AFP

ရန်ကုန်၊ ဇူလိုင် ၁၆ ။        ။ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းအထိ ရေကြီးနေသော ဒေသများအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ နေရာတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မြန်မာနိုင်ငံနေရာဒေသအတော်များများတွင် မိုးရွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။

ဇူလိုင် ၁၆ ရက်နေ့ နံနက်ရ နာရီအချိန်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

အဆိုပါဒေသများအနက် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ရေကြီးမှုအခြေအနေများ ရင်ဆိုင် ကြုံတွေ့နေရပြီး မြစ်ကြောင်းတစ်လျှောက်မြို့များတွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အရ အခြားဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်။

ဇူလိုင် ၁၆ ရက် ညနေပိုင်းအထိ နေပြည်တော်နှင့် အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်ဟု ခန့်မှန်းရပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင်မူ နေရာကွက်ကျား မိုးထစ်ချုန်း ရွာကာ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်ဟု ခန့်မှန်းထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ပင်လယ်ပြင်တွင် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေခန့် ရှိနိုင်သည်ဟု မိုးဇလမှ သတိပေးထားသည်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်အနေဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly