“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး” (NCA) နဲ့ ရွေးကောက်ပွဲ အလားအလာ"

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး” (NCA) နဲ့ ရွေးကောက်ပွဲ အလားအလာ"

ယခုတလောမှာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်လေ့လာသူတွေအကြား ထူးထူးခြားခြား အာရုံစူးစိုက်နေတဲ့ အကြောင်း အရာက “ရွေးကောက်ပွဲ” နဲ့ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး” (NCA) ဆိုတဲ့ ခေါင်းစဉ် (၂)ခု ဖြစ်ကြောင်း တွေ့ရတယ်။ တစ်နည်း ပြောရရင် ရွေးကောက်ပွဲကိစ္စ မူလက လူထု စိတ်ပါဝင်စားမှုနည်းတယ်လို့ ထင်ခဲ့ကြတယ်။ အခု ရက်သတ္တ ၄ ပတ်လောက် အလိုမှာ လူထုစိတ်ပါဝင်စားမှုရေချိန် တိုးတက်မြင့်မားလာတာ တွေ့လာရတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးမှာ ၂ ပတ်ကြာ မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်ကြေညာခဲ့တယ်။ မဲဆန္ဒရှင်စာရင်းမှာ နာမည် မပါတဲ့အတွက် ကော်မရှင်ရုံးခွဲ တွေမှာ လျှောက်ထားသူ တစ်သိန်းခွဲနီးပါး ရှိတယ်လို့ တိုင်းဒေသကြီး ကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေက ပြောကြောင်း သတင်းမီဒီယာတွေက ဖေါ်ပြပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄) ရက်နေ့ကစပြီး (၂၇) ရက်နေ့အထိ (၂) ပတ်ကြာ ကြေညာခဲ့တယ်။ စက်တင်ဘာ (၂၇) အထိ စာရင်းမှာမပါလို့ လျှောက်ထားသူ (၁) သိန်းခွဲနီးပါးရှိပြီး အချက်အလက် ပြင်ဆင်သူ (၁) သိန်း (၃) သောင်း လောက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက RFA သတင်း ဌာနသို့ ပြောကြောင်း ကြားသိရတယ်။ ဒီ အခြေအနေကို ကြည့်ခြင်းအာဖြင့် လူထုဟာ မဲထည့်ဖို့ စိတ်အားထက်သန်မှုရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်တော့ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားက လွယ်တဲ့ အလုပ်ကို ခက်အောင်လုပ်ထားရုံမက၊ လူထုကို ကြောက်အောင်လည်း အဆင့်ဆင့် လျှောက်လွှာတင်ခိုင်းနေတော့ စောစောပိုင်းမှာ လူအတော်များများက မဲမထည့်ရလည်း နေပါစေ…လို့ သဘောပိုက်ထားကြ တာကြားသိနေရတယ်။ ပိုဆိုးတာက လူထုစားဝတ်နေရေး ဘဝကို အဆင်ပြေအောင် အစိုးရက ဖန်တီးမပေးနိုင်တဲ့အတွက် နှစ်ပေါင်း (၃၀) လောက်အတောအတွင်းမှာ လူအတော်များများ ရေကြည်ရာ မျက်နုရာ ရွှေ့ပြောင်းနေခဲ့ကြရတယ်။ ဒီတော့ မြို့နေလူဦးရေ သုံးပုံ တစ်ပုံထက်မနည်းဟာ ဧည့်စာရင်းတိုင်ပြီး နေကြရတယ်။ တကယ်တော့ ဒီလူတွေဟာ အလုပ်အကိုင်အဆင်မပြေတာကြောင့် ပြည်တွင်း မှာပဲ ရွှေ့ပြောင်း နေထိုင်ကြရသူတွေဖြစ်လို့ အစိုးရမှာ တာဝန်လုံးဝရှိပါတယ်။ သူတို့မှာ နိုင်ငံသားမှတ်ပုံတင် ရှိနေရင် အဟန့်အတား မရှိ မဲပေးခွင့် ရသင့်ပါတယ်။ ဒီ မှတ်ပုံတင်ကဒ်တွေက အစိုးရကထုတ်ပေးထားတာပဲ။ မဲပေးဖို့အတွက် မှတ်ပုံတင်ပြနိုင်ရင် လုံလောက် နေပါလျှက်၊ နောက်ထပ် ထောက်ခံစာ တောင်းတာဟာ လွယ်တဲ့အလုပ်ကို ခက်အောင် လုပ်ခြင်းပါပဲ။ လူထုကို မဲမပေးချင်အောင် ဗျူရိုကရေစီနဲ့ ခြောက်လှန့်တဲ့ သဘောပါပဲ။ ဒါဟာ လုံး၀ မဖြစ်သင့်တဲ့ ကိစ္စလို့ ဆိုချင်ပါတယ်။

အစိုးရ နဲ့ ရွေးကောက်ပွဲကော်မရှင်တို့က မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့် မဆုံးရှုံးစေရအောင် နှိုးဆော်ဆောင်ရွက်နေပါတယ်လို့ မီဒီယာမျက်နှာစာမှာ ပြောနေပေမယ့်၊ အောက်ခြေမြေပြင်မှာက ဗျူရိုကရေစီကြိုးနီက ရှိနေဆဲ ဆိုတော့ ဝမ်းရေးအတွက် ရုန်းကန်နေ ကြရတဲ့ ပြည်သူတွေက မဲမပေးရလည်း နေပါစေ…ဆိုပြီး၊ နေလိုက်ကြတာမျိုး ရှိနေတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ရွှေ့ပြောင်းနေထိုင် သူတွေထဲက မဲပေးပိုင်ခွင့်ရှိသူ ၂-သိန်းလောက်ရှိပြီး အခုချိန်ထိ မဲဆန္ဒရှင်စာရင်းမှာ မပါသေးတဲ့အတွက် တိုင်းဒေသကြီးကော်မရှင်ထံ လျှောက်ထားသူ (၄)သောင်းလောက် ရှိသေးတယ်လို့ မီဒီယာသတင်းတွေက ဆိုပါတယ်။ မန္တလေးတိုင်းတစ်ခုလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ (၄) သန်းကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီစာရင်းထဲမှာ ရွှေ့ပြောင်းနေထိုင်ကြသူ အရေအတွက် မပါဝင်သေးကြောင်း သတင်းတွေက ဆိုပါတယ်။ သူတို့ဟာ မဲဆန္ဒရှင်စာရင်းမှာ ပါရေးအတွက် အလုပ်ရှင်ထောက်ခံစာ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ နဲ့ ကော်မရှင်ရုံးတွေမှာ ပြန်လည်လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ဗျူရိုကရေစီ ကြိုးနီလုပ်ဟန်တွေ ရှိနေသေးတာကိုက ပြည်သူကို ဟန့်တားခြိမ်းခြောက်နေသလို ဖြစ်နေတယ်။ ဒီလို လုပ်နည်းလုပ်ဟန်မျိုးကို ပြုပြင်သင့်ပါတယ်။

တဆက်တစပ်ထဲ ပြောရရင် ပြည်တွင်းစစ်ကြောင့် နယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း စစ်ရှောင်တိုင်းရင်းသားတွေ မဲပေးခွင့် ဆုံးရှုံး နေပါသေးတယ်။ မြန်မာပြည်တွင်း နယ်စပ်ဒေသတွေမှာလည်း IDP လို့ ကမ္ဘာကသိနေတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ကလည်း မနည်းမနောပါပဲ။ ဒီတော့ ပြည်တွင်စစ်ကို အစိုးရက သဘောထားကြီးကြီးထားပြီး ရပ်စဲဖို့ မလုပ်တာကလည်း ရွေးကောက်ပွဲကို ထိခိုက် စေတာ တွေ့ရပါတယ်။

ဒါကြောင့် ပြည်သူလူထုက ငြိမ်းချမ်းရေးဆိုင်ရာ သတင်းဖြစ်ပေါ်မှုတွေအပေါ် သတင်းမီဒီယာတွေနဲ့ အတူ၊ စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့အကြား ဇူလိုင်လ ၂၂ -၂၄ ရက်အတွင်း ပြုလုပ်ခဲ့တဲ့ (၈) ကြိမ်မြောက် NCA ဆွေးနွေးပွဲမှာ မူကြမ်းအချောသတ်မှု တချို့ ပြုလုပ်နိုင် ခဲ့ကြောင်း မီဒီယာ သတင်းများအရ သိခဲ့ရစဉ်က လူထုက ပြေပြေလည်လည်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အပြီးသတ်နိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နဲ့ တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) တို့ ရန်ကုန်မှာ (၃) ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ၊ ဆုံးဖြတ်ချက် ချနိုင်ဖို့ အချက် (၃)ချက်သာ ကျန်ရှိတယ်လို့ သတင်းမီဒီယာတွေ က ဖေါ်ပြခဲ့တယ်။ အကြမ်းအားဖြင့် အဆုံးအဖြတ် မပေးနိုင်သေးတဲ့ အချက်တွေထဲမှာ NCA လက်မှတ်ရေးထိုးရာတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ရေး၊ NCA စာချုပ်မှာ တာဝန်ခံ လက်မှတ်ထိုးမယ့် နှစ်ဖက် ခေါင်းဆောင်တွေ စာရင်းနဲ့ နိုင်ငံတကာ အသိသက်သေစာရင်း တို့ ဖြစ်တယ်လို့ SD အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျုံးက ဧရာဝတီ သတင်းဌာနကို ပြောခဲ့ကြောင်း သိရှိခဲ့ရတယ်။

စက်တင်ဘာလ (၂၅) ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးမြို့၊ မြို့တော်ခန်းမမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ပြောခဲ့ ကြောင်း RFA သတင်းမှာ ကြားလိုက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ဖိအားတွေ မရှိဖို့လိုအပ် ကြောင်းနဲ့ ဖိအားတွေရှိနေရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခက်ခဲကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ သဘောကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမှသာ တိုင်းရင်းသားဒေသ ရွေးကောက်ပွဲတွေ အေးအေးချမ်းချမ်း ကျင်းပနိုင်မှာဖြစ်တယ်လို့ သွယ်ဝိုက်ပြောလိုက် ပုံရပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၈ ရက် ကနေ ၃ဝ ရက်နေ့အထိ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးတစ်ရပ် ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးပါဝင်ဖို့ ကိစ္စကို ဆွေးနွေးကြတဲ့ အစည်းအဝေးဖြစ်ပါတယ်။ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးမယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်။ သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း ပါဝင်လက်မှတ်ရေးထိုးမည်ဟု အောက်တိုဘာ (၈)ရက်မှာ ကြေညာခဲ့တဲ့အတွက် NCA လက်မှတ်ရေးထိုးမယ့် အဖွဲ့ စုစုပေါင်း (၈)ဖွဲ့ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေက လာမယ့် အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း နေပြည်တော်မှာ အပစ်ရပ်လက်မှတ်ထိုးကြဖို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် တဖက် (၁၀) ဦးစီပါဝင်တဲ့ တနိုင်ငံလုံး “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ” ကို ဖွဲ့စည်းခဲ့ပါတယ်။

ထိပ်သီးအစည်းအဝေးမှာ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အဖွဲ့ (၇) ဖွဲ့က KNU ကရင် အမျိုးသား အစည်းအရုံး ၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ KNU/KNLA–PC ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ၊ CNF ချင်းအမျိုးသားတပ်ဦး၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနဲ့ ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီတို့ ဖြစ်ကြောင်း RFA သတင်းအရ သိရတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးဖို့ အစိုးရက သဘောတူညီမှသာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမယ်လို့ဆိုကြောင်း မီဒီယာသတင်းများကတဆင့် ကြားသိရပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ရက်ကြာ ကျင်ပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီး အစည်းအဝေးမှာ ၁၉ ဖွဲ့က တက်ရောက်ခဲ့ပါတယ်။ ၎င်းတို့ အနက် (၇) ဖွဲ့က စာချုပ်မှာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး၊ (၁၂) ဖွဲ့က အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေး (All-inclusive Agreement) ကို ဆက်လက်စွဲကိုင်ထားကြပါတယ်။

အောက်တိုဘာ (၁၅) အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးမည့် အချိန်ဟာ ရွေးကောက်ပွဲကျင်းပမယ့် ရက်နဲ့ နီးကပ်လွန်းနေတာ သတိပြုမိပါတယ်။ စာချုပ်အရ အပစ်ရပ်လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲနိုင်ပါ့မလား။ စဉ်းစားစရာကောင်းပါတယ်။ ဒီ့အပြင် နိုင်ငံရေးဆွေးနွေးပွဲကို ရက်ပေါင်း ၉၀ အတွင်းစတင်နိုင်မလား။ အစိုးရအဟောင်း နဲ့ အသစ်အာဏာ အလွှဲအပြောင်းကာလနဲ့ တိုက်ဆိုင်နေနိုင်သလား။ မေးခွန်းထုတ်စရာ ကိစ္စတချို့ ရှိနေပါတယ်။

ဝန်ကြီးဦးအောင်မင်းနဲ့ မြန်မာငြိမ်းချမ်းစင်တာရဲ့ အဆိုအရ NCA အပစ်ရပ်စာချုပ်ကို လက်ရှိအစိုးရလက်ထက်မှာ လက်မှတ်မထိုးနိုင်ရင် နောက်အစိုးရလက်ထက်မှာ တစ်ကပြန်စနေရမယ်လို့ဆိုပါတယ်။ ဒီလို ပြောဆိုခြင်းဟာ NCA စာချုပ်လက်မှတ်ထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတဲ့ သဘောလားလို့ ဝေဖန်သုံးသပ်မှုတွေလည်း ကြားနေရပါတယ်။

ဒီအတောအတွင်း ရှမ်းပြည် အလယ်ပိုင်း မိုင်းနောင်မြို့နယ်အတွင်း အောက်တိုဘာ (၆)ရက်နေ့၊ မနက်ပိုင်းက အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ SSPP/SSA တပ်နဲ့ မိုင်းပန်အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း(ခမရ) ၅၂၀၊ ခြေလျင်တပ်ရင်း (ခလရ) ၁၁၇ တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းအရ သိရပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အချို့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ် ပြီးနောက် မြန်မာအစိုးရဟာ စစ်အင်အား အလုံးအရင်းဖြင့် ကချင်ပြည်နယ်အတွင်း စစ်အင်အားဖြည့်တင်းမှုတွေလုပ်နေကြောင်းလည်း သျှမ်းသံတော်ဆင့်သတင်းမှာ တွေ့ရတယ်။ တိုက်ပွဲများကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဟိုင်းပါကျေးရွာမှာ ပြောင်းရွှေ့ ခိုလှုံခဲ့ရကြောင်းလည်း သိရတယ်။ စောင့်ကြည့်လေ့လာသူ အချို့က ရှမ်းပြည်နယ်အတွင်း အစိုးရ တပ်က စစ်ဆင်ရေး လုပ်နေခြင်းဟာ NCA လက်မှတ်ထိုးရေး ကိစ္စအပြင် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်အများစုမှာ ရှမ်းပါတီတွေသာ အနိုင်ရဖို့ ရာခိုင်နှုန်း များနေတာကြောင့် စစ်ပွဲအကြောင်းပြ မဲဆန္ဒနယ်ရွှေ့ဆိုင်းဖို့လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြတာလည်း ရှိပါတယ်။

စက်တင်ဘာလအတွင်းတုန်းက ကချင်ပြည်နယ် မံစီမြို့နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး အကျအဆုံး လည်းရှိကြောင်း သတင်းတွေအရ သိရတယ်။ တချိန်ထဲမှာ ရှမ်းပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တောင်ပိုင်းတပ်ဖွဲ့တွေ၊ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ အစိုးရတပ်တွေ မကြာခန တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။ အနှစ်ချုပ်လိုက်ရင် ရွေးကောက်ပွဲ မတိုင်မီ အားလုံးပါဝင်တဲ့ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်” ချုပ်ဆိုနိုင်ဖို့ လမ်းမမြင်ပါ။

အရေးကြီးတဲ့ အချက်က တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ပဲ လက်မှတ်ထိုးပြီး၊ ကျန်တဲ့အဖွဲ့တွေ လက်မှတ်မထိုးတာကို အကြောင်းပြုပြီး တပ်မတော်က စစ်ဆင်ရေးတွေထပ်လုပ် ဖိအားပေးတာမျိုး ဖြစ်လာစရာရှိနေတယ်။ ဒါဆိုရင် တိုင်းရင်းသား နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပရေး အတွက် အဟန့်အတားဖြစ်လာပါလိမ့်မယ်။ NCA ကို အကြောင်းပြပြီး တိုင်းရင်းသား မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲ ရက်ရွှေ့တာမျိုးလည်း ဖြစ်မလာဘူးလို့ မဆိုနိုင်ပါ။ NCA ကိစ္စကို အစိုးရသက်တမ်း ၅ နှစ်အတွင်း အောင်မြင်အောင် မဆောင်ရွက်နိုင်တဲ့ အတွက် လုပ်ဟန် မူဝါဒမှားယွင်းနေတာ သေချာပါတယ်။ ဒါကြောင့် ဦးသိန်းစိန် အစိုးရအနေနဲ့ “ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ဖြစ်မြောက်ရေး” ကိုသာ အာရုံစိုက်သင့်ပါတယ်။

NCA ကိစ္စကိုတော့ အဖွဲ့အစည်းစုံစုံလင်လင်နဲ့လက်မှတ်ရေးထိုးမှ ပြည့်စုံလုံလောက်မှု ရှိပါလိမ့်မယ်။ အခု ကြားနေရတဲ့ သတင်းတွေအရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း သူ့အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဖွဲ့အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မဟုတ်သေးတဲ့ အတွက်ကြောင့် အသိသက်သေအဖြစ် တက်ရောက်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်က RFA ကို ပြောဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလားတူ သဘောထားရှိတယ်လို့ ကြားနေရပါတယ်။ ဒါကြောင့် NCA ကို ပါသင့်သူတွေမပါဝင်ဘဲ အောက်တိုဘာ (၁၅)မှာ လက်မှတ်ထိုးကြရင် နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက်တွေ ပိုမို ရှုပ်ထွေးလာဖွယ်ရှိပါတယ်။ ဒါကြောင့် ဦးသိန်းစိန် အစိုးရအနေနဲ့ NCA ကိစ္စ အလျှင် မလိုသင့်ဘဲ၊ နောက်အစိုးရရဲ့ ဦးစားပေးတာဝန် အဖြစ် ချန်ထားလိုက်ဖို့ ရိုးသားစွာ အကြံပြုလိုကြောင်းပါ။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly