တက္ကသိုလ်နယ်မြေထဲ နှောင့်ယှက်ခံရမှုကို တာဝန်ရှိသူများနှင့်ဆွေးနွေးသော်လည်း ဖြေရှင်းနည်းမရဟု ဆို

တက္ကသိုလ်နယ်မြေထဲ နှောင့်ယှက်ခံရမှုကို တာဝန်ရှိသူများနှင့်ဆွေးနွေးသော်လည်း ဖြေရှင်းနည်းမရဟု ဆို
ဓာတ်ပုံ-AFP PHOTO/ Nicolas ASFOURI

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် ။            ။ တက္ကသိုလ်နယ်မြေဝင်းအတွင်း ကျောင်းသူများကို ကာယအိန္ဒြေ နှောင့်ယှက်ခံရမှုနှင့် လုယက်ခံရမှုများ ရှိခဲ့သည့်အတွက် လုံခြုံရေးတင်းကျပ်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သော်လည်း ထိရောက်သည့်ဖြေရှင်းနည်းကို မရရှိခဲ့ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောသည်။

 “တောင်းဆိုထားတဲ့အချက်က နံပတ်တစ်အချက်က Sexual Harassment ကိစ္စကြတော့ သူတို့က ရဲကင်းတွေ၊ ဘာတွေ လှည့်ပေးမယ်ပေါ့။ ကျွန်တော်က ရှင်းပြတယ်။ အဆင်မပြေဘူး။ ဒါက ကြိုတင်ကာကွယ်ရမယ့် ကိစ္စ ဖြစ်တယ်။ ကားအဝင်၊ အထွက် စီစစ်လိုက်ရင်ကို တစ်ဝက်ကျော်ကျော်လောက် လျော့သွားနိုင်တယ်။ တစ်ခြား ကိစ္စက ၂ ခု၊ ၃ ခုလောက်ပဲ ရှိတယ်။ ဒီလိုလုပ်လိုက်ရင် လျော့သွားပြီ။ အဲဒီကြမှ ရဲကင်း လှည့်ရမှာ။ တကယ်တော့ တက္ကသိုလ်နယ်မြေနဲ့မဆိုင်တဲ့ကားတွေ ဝင်လာတာ အဓိကပြသနာပေါ့။ အဲ့ဒါလုပ်ပေးဖို့ မပြတ်သေးဘူး။ သူတို့ဘက်က သူတို့ဘက်က ဆွေးနွေးနိုင်တဲ့သူ မရှိတာပါ။ နောက်တစ်ချိန် ထပ်ဆွေးနွေးရမှာပေါ့ ” ဟု ကိုနောင်ထက်အောင်က ပြောသည်။

လှိုင်တက္ကသိုလ်နယ်မြေနှင့် ကမာရွတ်တက္ကသိုလ်နယ်မြေဝင်းအတွင်းတွင် တက္ကသိုလ်နှင့် မဆိုင်သော အငှားယာဉ်( Taxi) များ၊ တီတီစီကျောင်းကားများ ရပ်နားထားလေ့ရှိပြီး ကားဒရိုင်ဘာများက ကျောင်းသူများကို ကားထဲမှ မဖွယ်မရာပြုလုပ်ပြခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများ ရှိခဲ့သောကြောင့် အဆိုပါကားများကို ရပ်နားခွင့်မပြုရန်၊ ကားအဝင်၊အထွက် စီစစ်ပေးရန် ကျောင်းတာဝန်ရှိသူများအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စအပေါ် ဇူလိုင်လ ၁၅ ရက်နေ့က ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊ လှိုင်နှင့် ကမာရွတ်နယ်မြေမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ကလည်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတင်းစာရှင်းပွဲ ပြုလုပ် တောင်းဆိုထားသေးသည်။

လက်ရှိတွင် အဆိုပါပြဿနာအား ကျောင်းတာဝန်ရှိသူများဘက်မှ  ဖြေရှင်းပေးမှု မရှိပါက ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး ကျောင်းသားများက မသက်ဆိုင်သည့်ကားများ ရပ်နားမှုကို တားမြစ်သွားမည်ဟု ဆိုသည်။

“ ကျွန်တော်တို့ လက်ကမ်းစာစောင်တော့ ဝေပြီးသွားပြီ။ ကျောင်းသူတွေ၊ ကျောင်းသားတွေကို တစ်ဆောင်ချင်း စီ ဝင်ပြီး ဘယ်လိုတုံ့ပြန်ကြမလဲပေါ့။ ကျွန်တော် စဉ်းစားတာကတော့ ဘယ်လိုတုံ့ပြန်မလဲပေါ့။ ကိုယ့်စည်းကမ်း ကိုယ် ထုတ်မလားပေါ့။ ကျွန်တော်တို့ ကျောင်းသားတွေအုပ်စုဖွဲ့ပြီးတော့ အဲဒီကားကို ရွှေ့ခိုင်းမယ်။ ရဲကလည်း တက္ကသိုလ်မြေစီမံခန့်ခွဲမှုက ရှိတဲ့အတွက် မဆွဲဘူး ပြောတယ်။ တီတီစီကလည်း ကျွန်မတို့ ဆွဲလို့ မရပါဘူး ပြောတယ်။ ဆိုတဲ့ အဲဒီ ၃ ချက်နဲ့ ကျွန်တော်က ပြောမှာ။ တီတီစီ ကလည်း စည်းကမ်းချက် ရှိတယ်။ အဆညကလည်း ပေးမရပ်ဘူး။ ယာဉ်ထိန်းရဲဥပဒေကလည်း အရေးယူလို့ ရတယ်နော်။ ကျွန်တော်က အုပ်လိုက်ဖယ်ခိုင်းမယ်ပေါ့” ဟု ကိုနောင်ထက်အောင်က ပြောသည်။

ကျောင်းတာဝန်ရှိသူများကို ယခုတွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မဇ္စျိမက မေးမြန်းခဲ့သော်လည်း လက်ခံ ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

ကျောင်းဝင်းထဲတွင်  အဆောင် ၅ ဆောင်ရှိပြီး တစ်ဆောင်လျှင်  ကျောင်းသူ ၅၀ ခန့်သည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရသည်ဟု ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂဘက်မှ ပြောဆိုထားသည်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၅၄၊ ခြိမ်းခြောက်ပြောဆိုပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်မည့် ရာဇသတ်ကြီးပုဒ်မ ၅၀၉ တို့ဖြင့် တရားစွဲနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required