ONE: Master of Destiny ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၅ ခု

ONE: Master of Destiny ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၅ ခု

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ONE: Master of Destiny ပြိုင်ပွဲကြီး၌ မထင်မှတ်ထားသော ပွဲရလဒ်များ၊ အချိုးအကွေ့များ၊ စိတ်လှုပ်ရှားစရာဖြစ်ရပ်များ ထွက်ပေါ်လာခဲ့သည်။ အစပိုင်းတွင် သိသိသာသာ အသာစီးရနေခဲ့ပြီးမှ အဆုံးသတ်မသေချာသောကြောင့် အရေးနိမ့်သွားသူများရှိသကဲ့သို့ ရှုံးနိမ့်လုနီးပါးဖြစ်ခဲ့သော်လည်း အမှားကိုပြင်ဆင်နိုင်ခဲ့၍ အောင်ပွဲရခဲ့သူများလည်းရှိသည်။

လက်ရည်တူနီးပါးရှိသော်လည်း အမှတ်ရရှိအောင် ပါးပါးနပ်နပ်ထိုးသတ်နိုင်သောကြောင့် အမှတ်ဖြင့်အနိုင်ရခဲ့သူများလည်း ထွက်ပေါ်ခဲ့သည်။ ပရိသတ်များ၏အကြိုက်နှင့် ထပ်တူညီသောပွဲများရှိခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လွန်းသောကြောင့် ပွဲပြီးဆုံးသွားသည်ကိုပင် မသိနိုင်လောက်အောင်ဖြစ်ခဲ့သော ပွဲစဉ်များလည်းရှိသည်။

ကွာလာလမ်ပူတွင်ကျင်းပသော ONE: Master of Destiny ပြိုင်ပွဲသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံပရိသတ်များအတွက် ရသပေါင်းစုံ ပေးစွမ်းနိုင်ခဲ့သည်မှာ သေချာသည်။ အကြိတ်အနယ်ရှိလွန်းသောကြောင့် ပြိုင်ဘက် ၂ ဦး အနက် မည်သူအနိုင်ရမလဲဆိုသည်ကို ခန့်မှန်းရန်ပင် ခက်ခဲသော တွဲဆိုင်းများလည်းရှိသည်။ စိတ်ကြည်နူးစရာ၊ ဝမ်းနည်းကြေကွဲစရာ စသည့် ခံစားမှုပေါင်းစုံပေးစွမ်းနိုင်ခဲ့သော ONE: Master of Destiny ပြိုင်ပွဲ၏ ရင်ခုန် စိတ်လှုပ်ရှားစရာအခိုက်အတန့် ၅ ခုကို ရွေးချယ်ဖော်ပြလိုက်ပါသည်။

၁။ စိတ်လှူပ်ရှားစရာ ကောင်းခဲ့သည့် အန်တိုနီယာ၏ အောင်ပွဲ

ONE: Master of Destiny ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိ်ုယ်စားပြုယှဉ်ပြိုင်သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားက အန်တိုနီယာသည် Killer Bee ဟုအမည်ရသော ဗီယက်နမ်-အမေရိကန်ကပြား ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား Bi Nguyen နှင့် ရင်ဆိုင်ခဲ့ရသည်။ Killer Bee မှာ အန်တိုနီယာထက် အသက်အရွယ်ပိုင်းအရ အရင့်ကျက်ဆုံး အခြေအနေတွင်ရှိ ပြီး ပြိုင်ပွဲအတွေ့အကြုံအရလည်း သမ႓ာ္ဘရင့်သူတစ်ယောက်ဖြစ်သည်။

ပထမအချီ ပွဲအစ စက္ကန့်ပိုင်းမှာပင် Killer Bee ၏ ဘယ်ဖြောင့်လက်သီးကြောင့် အန်တိုနီယာ လဲကျမလိုဖြစ်ခဲ့သေးသော်လည်း ပြန်တည်နိုင်ခဲ့သည်။ နှစ်ယောက်စလုံးမှာ မတ်တပ်ရပ်တိုက်ခိုက်သည့် နည်းဗျူဟာကိုသာ အသုံးပြုခဲ့ပြီး လက်သီးတွဲလုံးများ၊ ခြေကန်ချက်များဖြင့်သာ တိုက်ခိုက်ခဲ့သည်။ ၃ ချီစလုံးတွင် တစ်ဦးမှ ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျခြင်းမျိုးမရှိခြင်းကလည်း ထူးခြားမှုတစ်ခုပင်ဖြစ်သည်။

တတိယအချီ ပြီးဆုံးသွားချိန်တွင် အမှတ်ဖြင့်ဆုံးဖြတ်သောအခါ အနီထောင့်မှ အန်တိုနီယာနိုင်သည်ဟု အစီအစဉ်တင်ဆက်သူက ကြေညာသော်လည်း ကြိုးဝိုင်းဒိုင်လူကြီးက Bi Nguyen အနိုင်ရသည်ဟု ထင်မှတ်ကာ ဗီယက်နမ်ကိုယ်ခံပညာ သိုင်းပေါင်းစုံပညာရှင်၏ လက်ကို ကိုင်မြောက်ခဲ့သည်။ Bi Nguyen ကလည်း ၎င်းနိုင်ပြီ အထင်နှင့် အောင်ပွဲခံခဲ့သေးသော်လည်း အန်တိုနီယာက အနိုင်ရသူက မိမိသာဖြစ်ကြောင်းပြောခဲ့ရာ ကြိုးဝိုင်းဒိုင်က အန်တိုနီယာ၏လက်ကို ပြောင်းလဲကိုင်မြောက်ပြီး အန်တိုနီယာအနိုင်ရကြောင်း ပြန်လည်ပြင်ဆင်ပေးခဲ့ရသည်။

အဆိုပါအဖြစ်အပျက်က  ONE: Master of Destiny ပြိုင်ပွဲ၏ ပထမဆုံးသော စိတ်လှုပ်ရှားစရာ အခိုက်အတန့်ဟု ဆိုနိုင်သည်။

၂။ Jihin Radzuan ၏ချုပ်ကွက်အစွမ်း

အိမ်ရှင် မလေးရှား ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား Jihin Radzuan ၏ နိုင်ပွဲကလည်း ပရိသတ်များ ကို ရင်သပ်ရှုမောစေခဲ့သည်။ အသက် ၂၀ အရွယ် Jihin Radzuan သည် ၎င်းထက်ဝါရင့်သည့် ဖိလစ်ပိုင် ကိုယ်ခံ ပညာသိုင်း ပေါင်းစုံကစားသမား Jomary Torres နှင့်ရင်ဆိုင်ခဲ့ရပြီး လိမ္မာပါးနပ်မှုကြောင့်သာ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲအစတွင် Shadow Cat က လက်သီးထိုးချက်များနှင့်အတူ တိုက်စစ်ဖွင့်ခဲ့ပြီး Jomary Torres ကမူ တည်ငြိမ်မှုအပြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။ ၁ မိနစ်စွန်းစွန်းမှာပင် Jihin Radzuan သည် ကြိုးဝိုင်းကြမ်းပြင်ပေါ်လဲကျသွားခဲ့ရာ မလေးရှားပရိသတ်များ စိတ်ပူခဲ့ကြသေးသည်။ ၎င်းသည် အောက်တွင်ရှိနေသော်လည်း Jomary Torres ၏ လည်ပင်းကို ခြေထောက်ဖြင့် သိုင်းချုပ်ထားနိုင်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် ကစားသမားမှာ Jihin Radzuan ချုပ်ကွက်မှ ရုန်းထွက်နိုင်ရန် ကြိုးစားသော်လည်း တောင့်မခံနိုင်တော့ဘဲ လက်ပုတ်ကာ အရှုံးပေးခဲ့ရသည်။

၃။ ဘယ်တော့မှ အရှုံးမပေးသည့် Ev Ting

ကြုံလာသမျှ အခက်အခဲတိုင်းကို စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ရင်ဆိုင်ဖြတ်ကျော်ရန် ကြိုးစားပမ်းစား လုပ်တတ်သူများအတွက် ထိုက်တန်သည့်နေရာ တစ်နေရာရှိသည်ဆိုသည်ကို မလေးရှား-နယူးဇီလန်ကပြား Ev Ting က ပြသခဲ့သည်။ Ev Ting သည် ဂျပန် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား Daichi Abe နှင့် ရင်ဆိုင်ခဲ့ရပြီး ပွဲစသည်နှင့် တိုက်စစ်ဆင်ခဲ့သော်လည်း ပြိုင်ဘက်၏ လက်သီးချက်များကြောင့် အထိနာခဲ့သည်။

အိမ်ရှင်ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကြောင့် ခွန်အားတစ်ရပ် ပိုင်ဆိုင်ထားသော Ev Ting သည် စိတ်သာရှိသော်လည်း လက်တွေ့တွင်မူ ရှေ့ဆက်ရန် ဘယ်လိုမှမတတ်နိုင်ဘဲ ပထမအချီအတွင်းမှာပင် ကြိုးဝိုင်း ကြမ်းပြင်ပေါ်၂ ကြိမ်တိုင်တိုင်လဲ ကျသွားခဲ့သည်။ သို့သော် မြေပြင်ချုပ်ကွက်မပိုင်သော Daichi Abe က ရလာသော အခွင့်အရေး ၂ ကြိမ်ကို အသုံးချနိုင်ခြင်းမရှိ၍သာ ET စောစောစီးစီး ရှုံးပွဲမကြုံခဲ့ရခြင်းဖြစ်သည်။

ဒုတိယအချီတွင်မူ မာဂုဏ်မြင့်မားသော Ev Ting က လက်ရည် အသာစီးပြန်ရကာ Daichi Abe ကို ပြန်လည်ဖိအားပေးလာနိုင်ပြီး ၃ မိနစ်တွင် ဂျပန်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားကို ကြမ်းပြင်ပေါ်လှဲချနိုင်ခဲ့သည်။ အပေါ်စီးမှ ထိုးသတ်ခွင့်ရနေသော Ev Ting သည် Daichi Abe ပြန်ထနိုင်ခြင်း မရှိနိုင်စေရန် ကြိုးစားခဲ့သော်လည်း ပြိုင်ဘက်က အပေါ်သို့ ပြန်ရောက်လာအောင် ကြိုးစား နိုင်ခဲ့သေးသည်။ သို့သော် Ev Ting က ပြိုင်ဘက်၏ လည်ပင်းကို အနောက်ဘက်မှ သိုင်းချုပ်ထားရာ Daichi Abe ဖြည်နိုင်ရန် ကြိုးစားသော်လည်း ဘယ်လိုမှမတတ်နိုင်ဘဲ အရှုံးပေးခဲ့ရသည်။

၄။ မြေပြင်ချုပ်ကွက်ဗျူဟာများ နှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ

ONE: Master of Destiny ပြိုင်ပွဲ၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲစဉ်များတွင် အက်တမ်ဝိတ်တန်း ကမ႓ာ္ဘ့ချန်ပီယံ Angela Lee နှင့် ဘရာဇီးလ် ဂျူဂျစ်ဆု ချန်ပီယံ ၈ ကြိမ်ရဖူးသော ဘရာဇီးလ်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား Michelle Nicolini တို့၏ပွဲလည်း အပါအဝင်ဖြစ်သည်။

Angela Lee သည် နောက်ဆုံးပွဲတွင် တရုတ်မှ ONE စတောဝိတ်တန်း ကမ႓ာ့ချန်ပီယံ Xiong Jingnan ကို ရှုံးနိမ့်ထားသောကြောင့် ၎င်းထက် ၁၄ နှစ် ကြီးသော Michelle Nicolini နှင့်ပွဲက အနိုင်ရရန် အရေးကြီးသည်။ သို့သော် ပြိုင်ဘက် Michelle Nicolini ကလည်း ဂျူဂျစ်ဆု၊ နပန်းအားကစားနည်းများကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရာ ပထမအချီစသည်နှင့် နပန်းလုံးကာ Angela Lee ကို ကြမ်းပြင်ပေါ် အရင်လှဲချနိုင်ခဲ့သည်။

သို့သော်လည်း Angela Lee သည် လျှော့တွက်မရသူဖြစ်ရာ Michelle Nicolini ကို ကြိုးဝိုင်းကြမ်းပြင်ပေါ်ပြန်လည်လှဲချ နိုင်ခဲ့ပြန်သည်။ ၎င်းတို့ ၂ ဦးစလုံးမှာ မြေပြင်ချုပ်ကွက် နည်းဗျူဟာကိုသာ အားသန်သူများဖြစ်ရာ မတ်တပ်ရပ် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းထက် ချုပ်ကွက်ဖြင့် အနိုင်ရရေးကို ကြိုးပမ်းခဲ့ကြသည်။

တတိယအချီမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့ပြီး ၂ ယောက်စလုံး ကြိုးဝိုင်းကြမ်းပြင်ပေါ် တစ်ပြန်တစ်လှည့်စီ ရောက်ရှိခဲ့သော်လည်း အရှုံးအနိုင်မပေါ်ခဲ့ပေ။ ထို့နောက် အမှတ်ဖြင့်ဆုံးဖြတ်ရာတွင်တော့ မည်သူအနိုင်ရမည်ဆိုသည်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်။

၃၇ နှစ်အရွယ်သမ႓ာ္ဘရင့် Michelle Nicolini ကို ဒိုင်လူကြီးက အနိုင်ပေးလိုက်သော အခိုက်အတန့်က ကာယကံရှင်အတွက် ပျော်ရွှင်ကြည်နူးစရာ အခါသမယဖြစ်သော်လည်း Angela Lee အတွက်မှာမူ စတောဝိတ်တန်းတွင် ဒုတိယအကြိမ် ကျရှုံးခဲ့ရပြန်သည်။

၅။ အဓိကတွဲဆိုင်းကြီးမှ စိတ်လှုပ်ရှားစရာ အချိန်ကာလ

 Super Series Kick Boxing ဖယ်သာဝိတ် ကမ္ဘာ့ ဂရင်းပရီ ကွာတားဖိုင်နယ်ပွဲ၏ ပြိုင်ဆိုင်မှုက မည်မျှှပြင်းထန်သနည်းဆိုလျှင် ပွဲချိန် ဘယ်အချိန် ပြီးဆုံးသွားသည်ဆိုသည်ကိုပင် မမှတ်မိနိုင်လောက်အောင်ပင်။ မွေထိုင်းပညာရှင် Petchmorakot Petchyindee Academy နှင့် အီတလီနိုင်ငံသား Giorgio Petrosyan တို့မှာ လုံးတူဒေါက်တူ ဖြစ်ရုံသာမက ဘယ်သန်ချင်းလည်းတူနေကြသည်။

ထို့အပြင် နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းအရလည်း တူညီမှုအများအပြားရှိရာ လက်သီးတွဲလုံးများ၊ ခြေကန်ချက်များက ရင်သပ်ရှုမောစရာဖြစ်ခဲ့သည်။

ပထမအချီမှစ၍ တတိယအချီပြီးဆုံးသွားချိန်အထိ ပျင်းရိစရာတစ်ကွက်မှ မတွေ့ရဘဲ အကြိတ်အနယ်ဖြင့် ပရိသတ်ကို ဖျော်ဖြေမှုအပြည့် ပေးစွမ်းနိုင်ခဲ့သည်။ အနိုင်ရသူက ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရနိုင်မည် ဖြစ်ရာ ဒိုင်လူကြီးများ အမှတ်ပေါင်းနေစဉ်တွင် ကာယကံရှင်များ ကိုယ်တိုင်သာမက ပရိသတ်များကိုပါ ရင်ခုန်စိတ်လှုပ်ရှားမှုရသကို ပေးစွမ်းခဲ့သည်။

Petchmorakot နှင့် Giorgio Petrosyan တို့သည် ကြိုးဝိုင်းအတွင်း ၎င်းတို့အနိုင်ရမည်ဟုယူဆကာ လက်သီးလက် မောင်းတန်း အောင်ပွဲခံနေသကဲ့သို့  ကြိုးဝိုင်းဘေးမှ အကူလူများကလည်း ၎င်းတို့ကစားသမားသာ အနိုင်ရမည်ဟု ထင်မှတ်အောင်ပွဲခံနေကြသည်။ တကယ်တမ်း ကြိုးဝိုင်းဒိုင်လူကြီးက အနိုင်ရသူအမည်ကို ကြေညာလိုက်ချိန်တွင်တော့ အီတလီကိုယ်စားပြု အားကစားသမား Giorgio Petrosyan နှင့် ၎င်း၏အကူလူများအတွက် မင်္ဂလာအပေါင်း ခညောင်းသည့် အခိုက်အတန့်ဖြစ်လာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly