အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် စင်ကာပူရခိုင်အသင်းခေါင်းဆောင်အချို့အား မိသားစုဝင်များ ဆက်သွယ်မရ

အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် စင်ကာပူရခိုင်အသင်းခေါင်းဆောင်အချို့အား မိသားစုဝင်များ ဆက်သွယ်မရ
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး

ရန်ကုန် ၊ ဇူလိုင် ၁၅ ။           ။ ရက္ခိုင့်တပ် AA နှင့်ဆက်စပ်ပြီး ငွေတုပြုလုပ်သူများဟုစွပ်စွဲကာ အစိုးရကဖမ်းဆီးထိန်းသိမ်းထားသည့် စင်ကာပူ ရခိုင်အသင်းမှ တာဝန်ရှိသူအချို့အား ဖမ်းဆီးခံရပြီး ငါးရက်ကြာသည်အထိ မိသားစုမှ တစ်စုံတရာ ဆက်သွယ်၍ မရရှိသေးကြောင်း မဇ္စျိမမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အမြန်လမ်းတပ်ဖွဲ့၏ ဇူလိုင် ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် စင်ကာပူနိုင်ငံမှ ပြည်နှင် ဒဏ် ပေးခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် AA အဖွဲ့နှင့်ဆက်စပ်ပြီး ငွေတုပြုလုပ်သူ ကိုတင်လှိုင်ဦး နှင့် မအေးမြတ်မွန် တို့အပါအဝင် ၎င်းတို့အား လိုက်လံပို့ဆောင်ပေးသူ အငှားယာဉ်မောင်း ကိုမြတ်လင်းဦးတို့အား ပလွေးယာဉ်ရပ်နားကွင်းတွင် ဖမ်းဆီးခဲ့သည်ဟုဖော်ပြထားသည်။

၎င်းတို့အား ဖမ်းဆီးရမိသည့်အချိန်သည် ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထားကြောင်း ဇူလိုင် ၁၃ ရက်နေ့မှ တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ကိုတင်လှိုင်ဦး ၏ ဖခင်ဖြစ်သူ ဦးထွန်းတင်လှိုင်သည် ကိုတင်လှိုင်ဦး မြန်မာပြည် ပြန်ရောက် သည့် ဇူလိုင် ၁ဝရက်နေ့ ညပိုင်းက သားဖြစ်သူနှင့် အဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်းတွင် အဆက်အသွယ် မရတော့ကြောင်း မဇ္စျိမသို့ပြောသည်။

“စောစောကပဲ အောင်သပြေ(ရန်ကုန်ရှိ) စစ်ကြောရေးစခန်းကို အဲ့မှာလည်း မရှိဘူးလို့ပြောပါတယ်။ ဘာမှ လည်း အကြောင်းမကြားဘူး။ ဘယ်မှာရှိမှန်းလဲ မသိဘူး၊ စိတ်ပူနေရပါတယ်” ဟု ဦးထွန်းတင်လှိုင်က ဆိုသည်။

အစိုးရမှ ယခုဖမ်းဆီးထားသည့်သူများသည် စင်္ကာပူနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးကူညီခြင်းကြောင့် စင်င်္ကာပူနိုင်ငံ၏ လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ယူဆကြောင်း ၊ ယင်းအတွက်ကြောင့် လုံခြုံရေးကို ထိပါးစေမည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်ပါဝင်သူများ အား နေထိုင်ခွင့်ရုပ်သိမ်းပြီး မူလနေရင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း စင်္ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly