အိန္ဒိယရဲ့ ဒုတိယမြောက် လကမ္ဘာစူးစမ်းရေးမစ်ရှင် နည်းပညာပြဿနာကြောင့် ရပ်ဆိုင်း

အိန္ဒိယရဲ့ ဒုတိယမြောက် လကမ္ဘာစူးစမ်းရေးမစ်ရှင် နည်းပညာပြဿနာကြောင့် ရပ်ဆိုင်း

ဇူလိုင် ၁၅ ။        ။ အိန္ဒိယဟာ လကမ္ဘာကို စူးစမ်းလေ့လာမယ့် ဒုတိယမြောက် မစ်ရှင်တစ်ခုကို ဇူလိုင် ၁၅ ရက်မှာ လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့ပေမယ့့် နည်းပညာအခက်အခဲတစ်ချို့ကြောင့် ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

လပေါ်ကို ဆင်းသက်စေမယ့် အိန္ဒိယတို့ရဲ့ စူးစမ်းရေးယာဉ်ကို လွှတ်တင်မယ့် အချိန် မကျခင် တစ်နာရီသာသာခန့် အလိုမှာပဲ နည်းပညာပြဿနာတစ်ခုကြောင့်  ရပ်ဆိုင်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လွှတ်တင်မယ့် ယာဉ်ရဲ့ စနစ်မှာ နည်းပညာ ပြဿနာတစ်ခု ရှိနေတာကို တွေ့ရှိခဲ့ရပြီးနောက် စီစဉ်ထားတဲ့ လွှတ်တင့်မယ့်အချိန် မတိုင်ခင် ၅၆ မိနစ် အလိုမှာ ရပ်ဆိုင်းသွားခဲ့တာဖြစ်ကြောင်း အိန္ဒိယ အာကာသအေဂျင်စီက ပြောပါတယ်။

ဒီ လကမ္ဘာစူးစမ်းရေးယာဉ်ကိုတော့ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်း ဆရီဟာရီကိုတာ အာကာသစခန်းကနေ ဒေသစံတော်ချိန် မနက် ၂ နာရီ ၅၁ မိနစ်မှာ လွှတ်တင်ဖို့ အစီအစဉ်ဆွဲထားခဲ့တာဖြစ်ပါတယ်။

ယခု မစ်ရှင် ရပ်ဆိုင်းခဲ့ရပြီးနောက် နောက်ထပ် အသစ်ပြန်လည်လွှတ်တင်မယ့် ရက်ကိုတော့ မကြာမီ ပြန်ကြေညာမယ်လို့ သိရပါတယ်။

ချန်ဒရာယန်း- ၂ အမည်ရ ယခု မစ်ရှင်ကတော့ အိန္ဒိယတို့ရဲ့ ဒုတိယမြောက် လကမ္ဘာစူးစမ်းလေ့လာမယ့် မစ်ရှင်ဖြစ်ပါတယ်။ လကမ္ဘာကို စူးစမ်းတဲ့ ပထမမစ်ရှင်ဖြစ်တဲ့ ချန်ဒရာယန်း-၁ ကိုတော့ ၂၀၀၈ ခုနှစ်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယခု ဒုတိယမစ်ရှင်သာ အောင်မြင်ခဲ့မယ်ဆိုပါက အမေရိကန်၊ တရုတ်၊ ယခင် ဆိုဗီယက်ယူနီယံတို့ရဲ့နောက် အိန္ဒိယဟာ လကမ္ဘာမျက်နှာပြင်ပေါ် ချောချောမွေ့မွေ့ ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက် နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly