၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ နေရာရလာနိုင်မလား

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ နေရာရလာနိုင်မလား

ရန်ကုန် ၊ ဇူလိုင် ၁၅ ။          ။ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ တိုင်းရင်းသားပါတီတွေဟာ တစ်ပါတီအဖြစ် ပူးပေါင်းတည်ထောင် လာတာကို တွေ့မြင်ရပါတယ်။ ပြည်ထောင်စုအဆင့်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အပါအဝင် ဒေသတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် နေရာတွေမှာ အများစုအနိုင်ရရှိဖို့အတွက် တိုင်းရင်းသားပါတီတွေက ကြိုးပမ်းလာကြတဲ့ သဘောပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ သုံးပါတီဟာ တစ်ပါတီအဖြစ် ပေါင်းစည်းဖို့ ကြိုးစားခဲ့ပါတယ်။ ကချင် ဒီမိုကရက်တစ်ပါတီ(KDP) ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ- ကချင်ပြည်နယ်(UDPKS)  နဲ့ ကချင် ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) တို့ဟာ တစ်ပါတီတည်းအဖြစ် ပူးပေါင်းပြီး သူတို့ရဲ့ ပါတီအမည်သစ်ကို ကချင်ပြည်နယ် ပြည်သူ့ပါတီလို့ အမည်ပေးခဲ့ပါတယ်။

ဒီပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ ရွေးကောက်ပွဲကော်မရှင်က မကြာသေးခင်ကမှ ချထား ပေးခဲ့ပြီး သူတို့ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်တော့မှာပါ။

ဒေသတွင်းလွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာများများအနိုင်ရရှိလေ သက်ဆိုင်ရာ တိုင်းရင်းသား အခွင့်အရေးတွေကို ပိုမိုတိုးတက်အောင်လုပ်နိုင်မယ့် အခွင့်အာဏာ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒီလိုအနေ အထားကို ဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားပါတီဟာလည် တစ်ပါတီတည်းအဖြစ် ပူးပေါင်းပြီး မျှော်လင့်ချက် အိပ်မက်တွေကို အကောင်အထည် ဖော်လာနေကြတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးကတော့ တိုင်းရင်းသားပါတီတွေပေါင်းစည်းပြီး ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကိုရှေ့ရှုမယ့် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်လိမ့်မယ်လို့ ပါတီတွေက ယုံကြည်နေကြတယ်လို့ ခန့်မှန်းပါတယ်။

“NLD အနေနဲ့ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားတွေအတွက် တစ်စုံတရာလုပ်မပေးနိုင်ဘူးလို့ တိုင်းရင်းသားတွေက ခံစားလာရတယ်၊ အဲ့လိုဆိုတော့ တိုင်းရင်းသားပါတီတွေက စုစည်းပြီးတော့ တိုင်းရင်းသားပြည်သူလူထုရဲ့မဲကို ယူဖို့ ကိုယ်စားပြုနိုင်ဖို့ ကြိုးစားလာကြတယ်” လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

ကချင်တွေလိုပဲ မြန်မာနိုင်ငံတောင်ပိုင်းဒေသက မွန်တွေကလည်း တစ်ပါတီတည်းအဖြစ် ပူးပေါင်းခဲ့ပါတယ်။ ဒေသတွင်း မွန် အင်အားကြီး ပါတီနှစ်ခုဖြစ်တဲ့ မွန်အမျိုးသားပါတီ နဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတင် မကဘဲ တတိယနိုင်ငံရေးအင်အားစုလို့ ခေါ်ရမယ့် အရပ်ဖက်လူမှုအဖွဲ့အစည်းအတွင်းက မွန်နိုင်ငံရေး အင်အားစုတွေကိုပါ စုပေါင်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် တည်ထောင်ခဲ့ပါတယ်။

“၂၀၁၅ တုန်းက မွန်ပါတီတွေ နှစ်ပါတီ သုံးပါတီဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ကြဘူးဗျာ။ ပြည်သူလူထုတွေရဲ့ တွန်းအား ၊ ရဟန်းသံဃာတွေရဲ့ တွန်းအားနဲ့ ကျွန်တော်တို့ပါတီတွေ စိတ်ဆန္ဒရှိကြတဲ့ အခါကျတော့ ပေါင်းစည်းဖို့ ဖြစ်သွားတာပေါ့။ ပေါင်းစည်းပြီးတော့ အင်အားတစ်ခုတည်း ဖြစ်လာတဲ့အခါကျရင် ရွေးကောက်ပွဲမှာ အလားအလာကောင်းလာမှာပါ”လို့ မွန်ညီညွတ်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင် က မဇ္စျိမသို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားပါတီတွေဟာ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းလာခဲ့တာရှိသလို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းခဲ့တဲ့ ရခိုင်ကိုယ်စားပြု ရခိုင်အမျိုးသားပါတီဟာ ပြိုကွဲခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၄ ခုနှစ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ အဖြစ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ရခိုင်နာမည်ကြီး နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ဟာ ANP ပါတီကနေ ခွဲထွက်ပြီး ပါတီအသစ်ထူထောင်သွားခဲ့ပါတယ်။

ဒါအပြင် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ရဲ့ မူလပါတီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဟာလည်း မူလနာမည်ကို ပြန်ယူပြီး ANP ကနေ ခွဲထွက်ကာ ပါတီအသစ် ပြန်ထောင်ခဲ့ပါတယ်။ ဒါတွေဟာ တစ်ပါတီတည်းအဖြစ် ပူးပေါင်းမယ့် တိုင်းရင်းသားပါတီတွေအတွက် နမူနာယူရမယ့် ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီအသစ်တွေ မပြိုကွဲအောင် ဘယ်လိုလုပ်ဆောင်မလဲလို့ မွန်ညီညွတ်ရေးပါတီကို မဇ္စျိမက မေးမြန်းခဲ့တဲ့အခါ မွန်ညီညွတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင် ကတော့ “လွယ်လွယ်နဲ့ ပြန်ကွဲဖို့တော့မရှိဘူး။ နောက်တစ်စင် ပြန်ထောင်ဖို့လည်း မလွယ်ဘူးလေ။ ပြည်သူလူထုက ဘယ်လက်ခံ တော့မလဲ၊ သေချာညှိနှိုင်းပြီးမှ ပေါင်းစည်းခဲ့တာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒါ့အပြင် ချင်းပါတီကြီး ၃ ခုဖြစ်တဲ့ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်(CLD) ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP)  နဲ့ ချင်းတိုးတက်ရေးပါတီ(CPP) ဟာလည်း တစ်ပါတီတည်းအဖြစ်ပူးပေါင်းပြီး ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) အမည်နဲ့ ချင်းလူမျိုးတွေရှိရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအားလုံးမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဆိုထားပါတယ်။

ဒီပါတီကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ မှတ်ပုံတင်ခွင့် ပြုခဲ့တာပါ။

“၂၀၂ဝမှာ ချင်းပါတီက ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ အနေအထားမျိုး စတင်ပြီး ဖော်ထုတ်ခွင့် ပေးကြပါ” လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်းက ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲပြီးချိန်မှာ ပြည်ခိုင်ဖြိုးပါတီက အစိုးရတာဝန်ကို ငါးနှစ်ယူခဲ့ပြီး လက်ရှိ ဒီချုပ်(NLD) က အစိုးရတာဝန် လေးနှစ်ယူခဲ့တဲ့ အချိန်ကိုးနှစ်အတွင်းမှာ ချင်းပြည်သူတွေရဲ့ ဘဝဟာ ထူးထူးခြားခြား ပြောင်းလဲ လာတာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဓိကစိန်ခေါ်မှု အခက်အခဲဟာ ကိုယ်စားလှယ်နေရာ ရွေးချယ်ရေးဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုရဲ့လိုလားချက်နဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ်မျိုးကို ရွေးချယ်သင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုထားပါတယ်။

  “၂၀၂၀ ရွေးကောက်ပွဲမှာတော့ အရင်အားကောင်းပြီးသား တိုင်းရင်းသားပါတီတွေ ပေါင်းစည်းထားတဲ့ တိုင်းရင်းသားပါတီတွေဟာ တော်တော်များများ နေရာရနိုင်လိမ့်မယ်လို့ ယူဆရပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ခန့်မှန်းထားပါတယ်။
ဒါကြောင့် ၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ လားရာဟာ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ တိုင်းရင်းသားပါတီတွေအနေနဲ့ ဘယ်လောက်အထိ နေရာရလာနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly