လှော်ကားလမ်းဘေးရှိ အလောင်း(၃)လောင်းအတွက် ဆက်သွယ်လာခြင်း မရှိသေး

By နူးရာ
15 July 2019
လှော်ကားလမ်းဘေးရှိ အလောင်း(၃)လောင်းအတွက် ဆက်သွယ်လာခြင်း မရှိသေး
 ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင်လ (၁၅)ရက် ။         ။ ထောက်ကြန့် လှော်ကားလမ်းဘေးတွင်တွေ့ရှိခဲ့သည့် အလောင်း(၃)လောင်းနှင့် ပတ်သက်၍ မည်သူ မည်ဝါဖြစ်ကြောင်း ဆက်သွယ်သတင်းပေးပို့ရန် ထုတ်ပြန်ကြေညာထားသော်လည်း ဆက်သွယ်လာခြင်း မရှိသေးကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ရက် နံနက် ၈နာရီခွဲ တွင် မင်္ဂလာဒုံမြို့နယ်၊ လှော်ကားမောင်းတံဂိတ်၏ တောင်ဘက် (၂)ဖာလုံခန့်အကွာရှိ လှော်ကားလမ်းဘေး၌ အမည်/နေရပ်(စိစစ်ဆဲ) အသက်(၁၇)နှစ်ဝန်းကျင် လူငယ် အလောင်း(၃)လောင်းကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလောင်းများအနက် အမျိုးသမီး(၁)ဦး၏ အလောင်းမှာ ပက်လက်အနေ အထားဖြင့်လည်းကောင်း၊ အမျိုးသား(၂)ဦးမှာ မှောက်ခုံထပ်လျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်း အလောင်းများသည် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ကနဦးစစ်ဆေးချက်များအရ အစာအိမ်တွင် အစာမရှိကြောင်း အဆုတ်လေမွန်းကြပ်၍ သေဆုံးခြင်းဖြစ်ကြောင်း ဦးခေါင်းပိုင်းနှင့်ခန္ဓာကိုယ်တို့တွင် သေစေလောက်သည့် ပြင်ပ ဒဏ်ရာ/ထိုးသွင်း ဒဏ်ရာမရှိကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သေဆုံးအလောင်းများ၏ အနီးတွင် မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ထမင်းထုပ် (၃)ထုပ်နှင့် အလောင်းများတွင် သဲများကပ်နေသည်ကို တွေ့ရှိရကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါအမှုကို ထောက်ကြန့်နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပြီး သေဆုံးသူများသည် မည်သူမည်ဝါဖြစ်သည်ကို သိရှိပါက ဖုန်းနံပါတ်  - 09 250374677၊ 01 9437032၊ 01 2323199 သို့ ဆက်သွယ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required