အပစ်ရပ်စာချုပ်မချုပ်မီ ထိုးစစ်ဆင်နေခြင်းက လက်မှတ်မထိုးသေးသည့်အဖွဲ့များကို ခြိမ်းခြောက်ရာရောက်ဟု UNFCပြော

အပစ်ရပ်စာချုပ်မချုပ်မီ ထိုးစစ်ဆင်နေခြင်းက လက်မှတ်မထိုးသေးသည့်အဖွဲ့များကို ခြိမ်းခြောက်ရာရောက်ဟု UNFCပြော

ချင်းမိုင်၊ အောက်တိုဘာ ၁၁ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးခါနီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရ၏ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် လက်မှတ်မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ပြောဆိုလိုက်သည်။

NCA ကို အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မရှိသဖြင့် လက်မှတ်မရေးထိုးနိုင်သေးသည့် အဖွဲ့အစည်းများအား ထိုးစစ်ဆင် တိုက်ခိုက် လာခြင်းသည် လက်မှတ် ရေးထိုးရန် ဖိအားပေးခြင်းသဘောဆောင်နေပြီး နှစ်ပေါင်း ၇၀ နီးပါး အင်အားသုံး ဖိအားပေးဖြေရှင်း၍ မရနိုင်သည့် နည်းနာကို တဖန်ပြန်၍ အသက်သွင်းနေခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၁၀ ရက်တွင် UNFC က သဘောထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အခုတလောမှာ တဖက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးဖို့ ပြင်နေတယ်။ တဖက်က ကချင်၊ ပလောင်နဲ့ ရှမ်းဘက်မှာ ထိုးစစ်တွေလုပ်နေတယ်။ ကရင်ဘက်ကိုလည်း တပ်မဟာ ၅ ဘက်မှာလည်း ထိုးစစ်တွေ ပြင်နေတယ်လို့ ကြားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ သံသယရှိတယ်။ ဒီလုပ်ငန်းနှစ်ရပ် ဘယ်လိုလဲ ကျွန်တော်တို့ ထောက်ပြသလို မီးစတဖက် ရေမှုတ်တဖက်ဖြစ်နေတယ်။ အဲဒီအပေါ်မှာ တကယ် စိတ်ဓတ်အမှန်က မရိုးသားဘူးလို့ ထောက်ပြချင်လို့ပါ”ဟု UNFC ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက မဇ္ဈိမကိုပြောသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ဌာနချုပ် ဝမ်ဟိုင်းအထိ တိုက်ခိုက်မည်ဟု ကြွေးကြော်ပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နေခြင်းနှင့် ကရင်ပြည်နယ် ဒေသအချို့တွင်လည်း အစိုးရစစ်တပ်က ထိုးစစ်တိုက်ခိုက်နေမှုအပေါ် ရိုးသားမှု မရှိကြောင်း သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှ နိုင်ငံရေပြဿနာကို အေးချမ်းစွာ တွေ့ဆုံဖြေရှင်းမည်ဟု သမ္မတနှင့် အစိုးရ အဖွဲ့ဝင်များက ကြွေးကြော်၍ လှုပ်ရှားပြနေသော်လည်း မြန်မာ့တပ်မတော်က စစ်ရေးကို အရှိန်မြင့်၍ တိုက်ခိုက်လာခြင်းသည် “မီးစတဘက် ရေမှုတ်တဘက် ပြည်သူများကို မျက့်စေ့လည်အောင်လှည့်စားနေသည့် နည်းဗျူဟာကို ကျင့်သုံးနေသည်မှာ ငြိမ်းချမ်းရေးကို အစစ်အမှန် လိုလာသော အစိုးရ မဟုတ်ကြောင်း သက်သေပြလာခြင်း ဖြစ်သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ နိုင်ငံရေးအရ ပြေလည်အောင် ညှိနှိုင်းဆွေးနွေးနေချိန်တွင် တစ်ဖက်မှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က စစ်ရေး တိုးချဲ့ ၍ တစ်ချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေများသို့ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို ယင်းသို့ ပြောလိုခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ရွေးကောက်ပွဲ နီးလာသဖြင့် တိုင်းရင်းားဒေသများတွင် စစ်ရေးအရ ဖြေရှင်းပြီး ရွေးကောက်ပွဲ ကျင်းပမည့် ရက်ရွှေ့ဆိုင်းခြင်း သို့မဟုတ် နယ်မြေမတည်ငြိမ်ဟု သတ်မှတ်ကာ မဲပေးခွင့်မရှိစေရန် ဖန်တီး၍ အနိုင်ယူရန် ကြံဆောင်နေခြင်းလားဟု စဉ်းစားစရာ ဖြစ်စေသည်ဟုလည်း ဆိုထားသည်။

“သမ္မတ ဦးသိန်းစိန်ပြောသလိုပေါ့။ ရွေးကောက်ပွဲကို နောက်ဆုတ်ချင်လို့ အဲဒီလို လုပ်တာလား။ အနည်းဆုံး ကျနော်တို့ မြင်တာက တချို့တိုင်းရင်းသားတွေရဲ့ နယ်မှာ တိုက်ပွဲတွေ ဖြစ်နေရင် အဲဒီဒေသကို နယ်မြေမတည်ငြိမ်ဘူးဆိုပြီးတော့ လူထုတွေ မဲမပေးနိုင်အောင် လုပ်တဲ့သဘော။ ဒါဆိုရင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ အတွက်က မဲရဖို့ နည်းသွားမယ်။ အနည်းဆုံး အဲဒါတွေ ဖြစ်နိုင်တယ် အမျိုးမျိုးပေ့ါလေ။ သူတို့ဘာကို ဦးတည်နေမှန်းတော့ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့တွက်ကြည့်မယ်ဆိုရင် ခဲတလုံးထဲနဲ့ ငှက် နှစ်ကောင်သုံးကောင်ကို ပစ်တဲ့ သဘောမျိုးပေါ့လေ”ဟု နိုင်ဟံသာက ပြောသည်။

ထို့ပြင် အစိုးရ၏ သဘောထား မမှန်ကန်မှုကို သိရှိစေရန် ရည်ရွယ်၍ မကြာမီ လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်း ၈ဖွဲ့၊ မြန်မာပြည်သူများနှင့် နိုင်ငံတကာ သိရှိစေရန် ၎င်းတို့၏ သဘောထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။

ထိုသို့ လုပ်ဆောင်လာခြင်းသည် စုစည်းနေသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို ခွဲ၍ ချေမှုန်းရန် ကြံစည်သည့် လုပ်ရန်ဟု UNFC က သံသယရှိခဲ့သည့်အတိုင်း လက်ရှိ လက်မှတ် မထိုးသည့် အဖွဲ့အစည်းများအား တိုက်ခိုက်လာနေခြင်းက အစိုးရ၏ အတွင်းသဘောထားကို ဖော်ပြလာနေသည်ဟု ပြောဆိုထားသည်။

ထို့ပြင် NCA ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD)တို့နှင့် အချိန်ယူ ဆွေးနွေးခဲ့သော်လည်း နောက်ဆုံးတွင် တစ်ဖွဲ့ချင်းစီဖိတ်၍ လက်မှတ်ရေးထိုးစေရန် ကြံစည်လုပ်ဆောင်လာခြင်းသည်လည်း အပြောနှင့်အလုပ်မကိုက်ညီသော လက္ခဏာကို ဖော်ထုတ် ပြသနေသည်ဟု ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက် ရေး ပါတီ(ALP)တို့ ၈ဖွဲ့က လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးရန် သဘောတူညီထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းတိုးတက်ရေးပါတီ(SSPP/SSA)၊ မွန်ပြည်တစ်ပါတီ(NMSP)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ(NSCN-K)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP)၊ တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရက္ခိုင် တပ်မတော် (AA)၊ ရခိုင်အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဝ အမျိုးသားအဖွဲ့(WNO) စသည့် အဖွဲ့ အစည်း ၁၀ ဖွဲ့ကမူ အားလုံး ပါဝင်ခြင်း မရှိသဖြင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲအစည်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC က လက်ရှိ ဦးသိန်းစိန် အစိုးရက လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် နေပြည်တော်တွင် NCA လက်မှတ်ရေး ထိုးပွဲ ကျင်းပရန် စီစဉ်နေချိန်တွင် ၎င်းတို့၏ တပ်ပေါင်းစု အဖွဲ့ဝင်တစ်ချို့ဒေသများတွင် အစိုးရ စစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် အစိုးရ၏ လုပ်ဆောင်မှုအပေါ် သဘောထားထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags