ဝမ်းမှာအချွဲတွေ ပါနေတာ ဘာကြောင့်လဲ

ဝမ်းမှာအချွဲတွေ ပါနေတာ ဘာကြောင့်လဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
ကိုယ်ခန္ဓာတွင်းမှာ အချွဲတွေ ရှိနေတာသဘာဝပါပဲ။ ပုံမှန်အားဖြင့် တစ်သျှူးတွေကနေ အချွဲတွေထုတ်ပေးပြီး ဒီအချွဲတွေက ပါးစပ်၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း၊ လည်ပင်း၊ အဆုတ်နဲ့ အူတို့ကို ကာကွယ်ပေးပါတယ်။ အရောင်အားဖြင့်တော့ အကြည်ရောင်ရှိပြီး အမျှင်ပါးပါးလေးသာ ဖြစ်ပါတယ်။ တစ်ခါတလေ ဖျားနာတာ၊ ပတ်ဝန်းကျင်က အဆိပ်သင့်စေတဲ့ အရာတွေ၊ စားသောက်မှုပုံစံကြောင့် အချွဲတွေက ပိုစေးပျစ်လာကာ အရောင်ပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။
ဝမ်းမှာ ဘာလို့အချွဲပါနေတာလဲ။

အူမကြီးကနေ ဝမ်းကို အဆင်ပြေချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ အမျှင်နံရံတွေက ကူညီပေးပါတယ်။ ပုံမှန်ဝမ်းသွားတဲ့အချိန်မှာလည်း အချွဲတွေက ပါနိုင်ပေမယ့် သာမန်မျက်စိနဲ့ မြင်ရလောက်တဲ့အထိတော့ မများပါဘူး။ အရောင်အားဖြင့်တော့ အဝါရောင် သို့မဟုတ် အကြည်ရောင်ရှိပြီး ပမာဏအလွန်နည်းပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပါ။

စိတ်ပူဖို့ လိုအပ်တာက ဝမ်းသွားပြီးတစ်သျှူးနဲ့သုတ်လိုက်တဲ့အချိန် အချွဲတွေပဲ တွေ့နေတာမျိုးပါ။ ရေဓာတ်ခမ်းခြောက်တာ၊ ဝမ်းချုပ်တာ၊ ဖျားနာတာကြောင့်လည်း ဖြစ်နိုင်သလို ဘက်တီးရီးယားပိုးဝင်တာ၊ စအိုနံရံကွဲတာ၊ ဝမ်းပိတ်တာ၊ ခရောင်းရောဂါ (Crohn’s disease) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ။

  •     ဝမ်းသွားတိုင်း အချွဲတွေပဲ ထွက်လာတာ
  •     ဝမ်းထဲ သွေး၊ ပြည်တွေ ပါနေတာ
  •     ဗိုက်အောင့်ဗိုက်နာတာ
  •     ဝမ်းဗိုက်ဖောရောင်တာ
  •     ရုတ်တရက်ဆိုသလို ဝမ်းအရောင်ပြောင်းသွားတာ
  •     ဝမ်းသွားတဲ့အချိန် ပုံမှန်မရှိတော့တာ
  •     မကြာခဏဆိုသလို ဝမ်းထသွားတာ

ဒီလိုလက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး အကြောင်းရင်းအမှန်ကို သိအောင်စစ်ဆေးဖို့ လိုပါတယ်။
ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်း (Bacterial Infection)

ဝမ်းကို အချွဲထစေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက တစ်ခုပါ။ အစာအဆိပ်သင့်ခြင်း၊ တခြားရောဂါပိုးတွေ ကိုယ်ခန္ဓာထဲ ဝင်လာတာကြောင့် ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

  •     ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  •     ဗိုက်အောင့်တာ
  •     အော့အန်တာ
  •     ခေါင်းမူးပြီး မအီမလည်ဖြစ်တာ
  •     အဖျားတက်တာတွေပဲ ဖြစ်ပါတယ်။ တချို့သောအခြေအနေတွေမှာ ရောဂါလက္ခဏာ အလွန်ပြင်းထန်နိုင်ပြီး အရေးပေါ် ကုသမှုခံယူနိုင်သည်အထိ ဖြစ်စေနိုင်ပါတယ်။

စအိုအက်ကွဲခြင်း (Anal Fissure)

မကြာခဏ ဝမ်းလျှောတာ၊ ဝမ်းအမာတွေ သွားတာအပြင် တခြားဝမ်းနဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့် စအိုဝအောက်နားက အက်ကွဲတတ်ပါတယ်။ ဒီအခါ ဝမ်းသွားရပိုခက်သွားသလို အလွန်အမင်းနာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာအတွက် ဆေးဆိုင်ကနေ နာကျင်မှုသက်သာစေတဲ့ လိမ်းဆေးဖြင့် အလွယ်တကူဝယ်လိမ်းရင် ရပါတယ်။
ဝမ်းပိတ်ခြင်း (Bowel Obstruction)

အူကျွံတာ၊ စအိုမှာ အသားပိုထွက်တာ၊ စားစရာမဟုတ်တဲ့ အရာတွေ ဗိုက်ထဲရောက်သွားပြီး ဝမ်းအဖြစ်အပြင်ကို စွန့်ထုတ်တာကြောင့် ဝမ်းပိတ်ခြင်း ဖြစ်စေနိုင်ပါတယ်။

  •     ဗိုက်ထဲမှာ လေတွေပွနေတာ
  •     ဝမ်းဗိုက်ဖောရောင်ခြင်း
  •     ဗိုက်အောင့်ခြင်း
  •     ဝမ်းချုပ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပြီး အချိန်အတော်ကြာလို့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်ဖို့ လိုပါတယ်။

ခရောင်းရောဂါ (Crohn’s Disease)

ဝမ်းသွားစဉ် နာကျင်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်းတွေကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခရောင်းရောဂါဟာ အချွဲဝမ်းတွေ ထွက်စေတဲ့ အဓိကပြဿနာဆိုလည်း မမှားပါဘူး။ ဒီအချွဲတွေဟာ ဝမ်းအရောင်ရှိပြီး ပိုပြီးစေးကပ်တတ်ပါတယ်။ တစ်ခါတလေ စအိုအတွင်း အနာပေါက်နေတာရှိရင် သွေးနဲ့ ပြည်တွေ ထွက်လာတတ်သလို ပိုးဝင်ဖို့လည်း ပိုလွယ်ကူပါတယ်။
စားသောက်မှုပုံစံကြောင့်ရော ဖြစ်နိုင်လား။

ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေ ဥပမာ – နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ဂလူတန်တွေ စားမိတဲ့အခါ ဝမ်းသွားရင်အချွဲတွေ ပါလာတတ်ပါတယ်။ အရေပြား နီရဲပြီး ယားယံတာ၊ အင်ပျဉ်ထတာ၊ ဝမ်းဗိုက်ဖောရောင်တာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေလည်း ဖြစ်တတ်ပါတယ်။ အစာနဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ ဝမ်းတွင်အချွဲပါခြင်းကတော့ ကုဖို့ပိုလွယ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ။

ဝမ်းမှာ အချွဲတွေပါတာက ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုမျိုးဝမ်းတွေ အမြဲလိုလို သွားနေတာ၊ တခြားသော လက္ခဏာတွေ တွေ့ရတာ၊ ဝမ်းသွားရခက်တာတွေပါ ကြုံလာရပြီဆိုရင်ငတော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly