Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များမှာဖြစ်တတ်သော ကျန်းမာရေးပြဿနာများ

Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များမှာဖြစ်တတ်သော ကျန်းမာရေးပြဿနာများ

ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်သူတွေ၊ ရည်မှန်းချက်ကြီးသူတွေ ဖြစ်ပါတယ်။ ဘဝမှာ ထိပ်တန်းကိုရောက်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ တစ်ဖက်မှာလည်း စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။

သုတေသီများဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ကျန်းမာရေးအခြေအနေကြားက ဆက်စပ်မှုကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါတယ်။ Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ မိမိကိုယ်ကို ဆန္ဒပြင်းပြစွာ မောင်းနှင်တတ်ခြင်း၊ စိတ်မရှည်ခြင်းတို့ကြောင့် ထိရှလွယ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း၊ စိတ်ဖိစီးခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပထမဦးစွာ မိမိကိုယ်ကို Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင် ဟုတ်မဟုတ် အောက်ပါမေးခွန်းတွေနဲ့ အကဲဖြတ်ကြည့်ပါ။

  •     မကြာခဏဆိုသလို အလျင်စလို လုပ်တတ်ပါသလား။
  •     ယှဉ်ပြိုင်လိုစိတ်ကြီးမားပါသလား။
  •     လူအများစုထက် အပြောအဆိုမြန်နေပါသလား။
  •     လူအများကသင့်ကို ပြောနေတဲ့စကားတွေကို ဘာပြောမှန်းမသိဘဲ မကြာခဏ လွတ်သွားဖူးပါသလား။
  •     အလုပ်မျိုးစုံကို မကြာခဏဆိုသလို တပြိုင်တည်းလုပ်မိပါသလား (ဥပမာ ဖုန်းပြောနေစဉ် email များဖတ်နေခြင်း)
  •     လုပ်ဖော်ကိုင်ဖက်များထံက အသိအမှတ်ပြုခြင်းကို မရမနေလိုချင်ပါသလား။
  •     ကားပိတ်ခြင်း၊ စားသောက်ဆိုင်မှာ အစားအသောက်များမှာထားချိန် စောင့်ဆိုင်းရခြင်း စတာတွေကို စိတ်မရှည်ဘဲ ဖြစ်တတ်ပါသလား။
  •     အကျိုးရလဒ်ပိုကောင်းဖို့ စွန့်လွှတ်စွန့်စားခြင်း ပြုတတ်ပါသလား။
  •     အနာဂတ်ကို ကြိုတွေးပြီး စိတ်ပူပန်တတ်ပါသလား။
  •     သင့်ကို စိတ်အနှောင့်အယှက်ပေးတဲ့အရာတွေအတွက် စိတ်ဆိုးဒေါသထွက်လွယ်ပါသလား။

Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်တွေဟာ ဘဝကို စနစ်တကျတည်ဆောက်ပြီး အောင်မြင်မုှကို ရယူတတ်သူတွေဖြစ်ပေမယ့် သုတေသီတွေရဲ့ တွေ့ရှိချက်တွေအရ သူတို့မှာ stress hormone မြင့်မားပြီး စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့လည်း သိရပါတယ်။ စိတ်ဆန္ဒပြင်းပြစွာနဲ့ မိမိကိုယ်ကိုမောင်းနှင်ခြင်းဟာ ကိုယ်ခန္ဓာတွင်း အလုပ်လုပ်တဲ့ စနစ်တွေကို များစွာသက်ရောက်စေပြီး နောက်ဆက်တွဲပြဿနာတွေ၊ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ အချိန်မတိုင်မီ သေဆုံးခြင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

အဓိကတွေ့ကြုံရတဲ့ ကျန်းမာရေးပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သွေးတိုးခြင်း

Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်တွေမှာ norepinephrine လို့ခေါ်တဲ့ ဟော်မုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။ အဲဒီဟော်မုန်းဟာ ရင်ဆိုင်မလား ထွက်ပြေးမလား (fight or flight) ဆိုတဲ့ တုံ့ပြန်မှုအတွက် အဓိကကျပါတယ်။ အမြဲတမ်းယှဉ်ပြိုင်လိုစိတ်မြင့်မားနေသူတွေမှာ ဖြစ်ပေါ်တတ်တဲ့ အခြေအနေဖြစ်ပါတယ်။ norepinephrine ဟာ ပိုမိုပြီး ကြာရှည်စွာ ထွက်ပေါ်နေပြီဆိုရင် သွေးတိုးခြင်းနဲ့ တခြားဆက်စပ်ရောဂါတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဆိုးဒေါသထွက်ခြင်းကို ထိန်းချုပ်နိုင်ဖို့၊ သတိကပ်နေနိုင်ဖို့ လေ့ကျင့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

လေဖြတ်ခြင်း

စိတ်ဖိစီးမှုနဲ့ သွေးတိုးခြင်းဟာ Type A အမျိုးအစား ကိုယ်ရည်ကိုယ်သွေးရှိသူတွေမှာ တွေ့နေကြအရာဖြစ်ပြီး ဆိုးရွားလာရင် လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးကျဆေးများ သုံးစွဲခြင်း၊ စိတ်ခံစားမှုများ စိတ်ဖိအားများကို ထိန်းချုပ်စီမံခြင်း စတာတွေနဲ့ ဆိုးရွားတဲ့သွေးတိုးရောဂါ နောက်ဆက်တွဲပြဿနာတွေကို ထိန်းချုပ်နိုင်ပါတယ်။

နှလုံးရောဂါ

စိတ်ဖိစီးမှုများခြင်း၊ စားသောက်ပုံမမှန်ခြင်း၊ အဝလွန်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်း၊ သွေးတိုးခြင်း စတဲ့ပြဿနာတွေဟာ Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်တွေကို နှလုံးရောဂါဖြစ်အောင် တွန်းပို့ပေးပါတယ်။ ဒါ့အပြင် ကိုလက်စထရောလည်း တက်လွယ်စေပါတယ်။ စိတ်ဖိစီးမှုနဲ့ ပတ်သက်နေတဲ့ ဟော်မုန်းတွေဟာ သွေးကြောတွေကိုရောင်ရမ်းစေပြီး သွေးကြောပိတ်ဆို့ခြင်း၊ သွေးလည်ပတ်မှု မကောင်းခြင်း စတာတွေကို ဖြစ်စေပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကိုရောက်လာရင် နှလုံးခုန်မမှန်ခြင်း၊ နှလုံးထိခိုက်ခြင်း (heart attack) စတာတွေ ဖြစ်ပေါ်လာပါတယ်။

ဘယ်လိုထိန်းသိမ်းမလဲ

သင်ဟာ မိမိကိုယ်ကို Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်လို့ ယူဆမိပြီဆိုရင် မိမိအမူအကျင့်တွေဟာ ကျန်းမာရေးကို ထိခိုက်လာခြင်းမဖြစ်အောင် သတိပြုသင့်ပါတယ်။ အစားအသောက်ကို စနစ်တကျ စားသောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း (အထူးသဖြင့် ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်း ကိုလက်စထရော) စတာတွေ ပြုလုပ်သင့်ပါတယ်။

အရာရာကို မိမိစိတ်တိုင်းကျဖြစ်မလာရင်တောင် ယောနိသော မနသိကာရ ဆိုသလို သင့်တင့်စွာ နှလုံးသွင်းပြီး စိတ်ဖိစီးမှုတွေဖြစ်မလာအောင် လျှော့ချသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly