စက်လှေတိမ်းမှောက်မှုမှ ကျောင်းသူတစ်ဦး ရုပ်အလောင်း ထပ်တွေ့၊ နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်

စက်လှေတိမ်းမှောက်မှုမှ ကျောင်းသူတစ်ဦး ရုပ်အလောင်း ထပ်တွေ့၊ နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်
မန္တလေးမှ ရောက်ရှိလာသော ရေငုပ်အဖွဲ့များမှ ဇူလိုင် ၁၄ ရက်က ရှာဖွေနေကြစဉ်။ ဓာတ်ပုံ-ဦးအေးလှိုင်ဦး

မကွေး၊ ဇူလိုင် ၁၄ ။           ။ ဇူလိုင် ၁၂ ရက်နေ့၊ နေ့လယ်ပိုင်းက မင်းတုန်းချောင်းကူးစက်​​လှေ တိမ်း​မှောက်​မှုကြောင့် ​ပျောက်​ဆုံးခဲ့သည့် ကျောင်းသူ ၄ ဦးအနက်​ ဇူလိုင် ၁၄ ရက်တွင် ကျောင်းသူတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့သည်။

ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လယ် ၂ နာရီ ၅၀ မိနစ်​အချိန်​ခန့်တွင် ကံမမြို့နယ်​ ကျီးမီးကျေးရွာအနီး​ ချောင်းတွင် မသက်​မွန်​ဇူလိုင်​ (အသက် ၁၃ နှစ်၊ ၇ တန်းကျောင်းသူ) ၏ ရုပ်​အ​လောင်းအား  ထပ်မံတွေ့ရှိခဲ့သည်။

" ဇူလိုင်​ ၁၂ ရက်​​နေ့က စက်​​လှေ​မှောက် ​၊ ပျောက်​ဆုံးနေ​တဲ့ ​ကျောင်းသူ  ​၃ ဦးကို ဒီက​နေ့ နံနက်​ပိုင်းက ​အထက်​မြန်​မာပြည်​ ကယ်​ဆယ်​​ရေး ​ရေငုပ်​အဖွဲ့က လာရောက်ကူညီရှာ​ဖွေပေးနေပါတယ်။ ဒုတိယမြောက် တွေ့ရှိတာက ကံမမြို့နယ်မှာပါ၊ အခု တွေ့ရှိတဲ့​နေရာကနေ  မသက်​မွန်​ဇူလိုင်ရဲ့ရုပ်​အ​လောင်းကို ညနေ ၄ နာရီလောက် မင်းတုန်းမြို့နယ်​ကို ပြန်​လည်​သယ်​​ဆောင်​ခဲ့ပါပြီ" ဟု ရှာ​ဖွေ​ရေးအဖွဲ့ဝင်​ အမှတ်​(၃)ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး ဦး​မော်​ကြီးက ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့က နဝမတန်းကျောင်းသူ မဂျုးဂျုးဟန်​ ( အသက် ၁၅ နှစ်) ၏ ရုပ်အလောင်းကို ပထမဆုံး ရှာတွေ့ခဲ့ပြီး ဇူလိုင် ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က မြေမြှုပ်​သင်္ဂြိုဟ်ခဲ့သည်။

ဖြစ်စဉ်မှာ မင်းတုန်းမြို့၊ မင်းတုန်းချောင်းတွင် ဇူလိုင် ၁၂ ရက်နေ့က ကျောင်းကြိုစက်လှေတစ်စီး တိမ်းမှောက်ပြီး ကျောင်းသူ ၄ ဦး ရေထဲမျောပါပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

မင်းတုန်းချောင်းရေအတွင်း မျောပါပျောက်ဆုံးခဲ့သူများမှာ မသက်မွန်ဇူလိုင်( ၁၃နှစ် ၇ တန်း) ၊ မဇွန်ပွင့်ဖြူ (၁၃ နှစ် ၇ တန်း) ၊ မဂျူးဂျူးဟန်( ၁၅ နှစ် ၉ တန်း)၊ မချစ်စုဝေ (၁၅ နှစ် ၉ တန်း)တို့ ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်လှေမောင်းသူ ဇာနည်အောင်ကို မင်းတုန်းမြို့မရဲစခန်းတွင် (ပ) ၁၂၆/ ၂၀၁၉  ရာဇသတ်ကြီး ၂၈၀/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly