နီပေါမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၅၀ ထက်မနည်း သေဆုံး

နီပေါမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၅၀ ထက်မနည်း သေဆုံး

ဇူလိုင် ၁၄ ။        ။ နီပေါနိုင်ငံတစ်ဝှမ်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၅၀ ထက်မနည်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၁၄ မှာ ပြောပါတယ်။

ယင်း သဘာဝဘေးဖြစ်စဉ်များအတွင်း လူပေါင်း ဒါဇင်နဲ့ချီလည်း ပျောက်ဆုံးနေလျက် ရှိတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း ရေကြီးမှုကြောင့် လူ ၁၁ ဦး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကစလို့ နီပေါမှာ မိုးသည်းကြီးမည်းကြီး ဆက်တိုက်ရွာသွန်းနေခဲ့ပြီး နိုင်ငံရဲ့ ဒေသ အများအပြားမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေခဲ့ပြီး အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းမြေပြန့်ဒေသတွေမှာ အဓိက ထိခိုက်ခံစားနေရလျက် ရှိကြောင်း သိရပါတယ်။

ရေကြီး မြေပြိုမှု ဖြစ်စဉ်များအတွင်း လူပေါင်း ၁,၁၀၀ ကျော်ကို ကယ်ဆယ်ပေးထားခဲ့ရကြောင်း၊  အခြား လူ ၃၃ ဦးကတော့ ပျောက်ဆုံးနေကြောင်း နီပေါ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဘစ်ရှ်ဝါရာ ပိုခါရယ်လ်က ပြောပါတယ်။

လက်ရှိမှာ သဘာဝဘေး ကြုံတွေ့နေတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်နေလျက် ရှိကြောင်း ၎င်းက ပြောပါတယ်။

ဇူလိုင် ၁၅ ရက်နောက်ပိုင်းကစလို့ မြစ်ရေလယ်ဗယ် ပြန်ကျသွားမယ်လို့ မျှော်လင့်ရကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly