ရှင်ကျန်းဒေသ ဝီဂါအရေးနှင့်ပတ်သက်၍ မြန်မာအပါအဝင် ၃၇ နိုင်ငံက တရုတ်ဘက်ကနေ ခုခံရပ်တည်

ရှင်ကျန်းဒေသ ဝီဂါအရေးနှင့်ပတ်သက်၍ မြန်မာအပါအဝင် ၃၇ နိုင်ငံက တရုတ်ဘက်ကနေ ခုခံရပ်တည်
This photo taken on June 2, 2019 shows paramilitary police vehicles on a road in Artux in China's northwest Xinjiang region. Photo: Greg Baker/AFP

ဇူလိုင် ၁၄ ။          ။ ရှင်ကျန်းဒေသမှာ ဝီဂါများနှင့် အခြား လူနည်းစုတွေအပေါ် တရုတ်တို့ရဲ့ ဆက်ဆံမှုအပေါ် ခုခံကာကွယ် ရပ်တည်ကြောင်း နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ကုလသံအမတ်များက ဇူလိုင် ၁၂ ရက်မှာ စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ယခု သီတင်းပတ်အစောပိုင်းက အဆိုပါ ဒေသတွင် ဝီဂါတို့အပေါ် တရုတ်၏ ဆက်ဆံပုံကို အနောက်အုပ်စုက ပြစ်တင်ရှုတ်ချထားခဲ့ခြင်းအပေါ် တိုက်ရိုက် တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ရှင်ကျန်းဒေသတွင် တရုတ်တို့ရဲ့ ပြုမူနေမှုများကို ရှုတ်ချကြောင်း ဖော်ပြထားသည့်် စာတစ်စောင်ကို ယခုအပတ်အစောပိုင်းက သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန် အပါအဝင် အီးယူ နိုင်ငံအများစုမှ သံတမန်များက ပူးတွဲလက်မှတ်ထိုးခဲ့ကြသည်။

တရုတ်၏ ရှင်ကျန်းဒေသတွင် ဝီဂါ မျိုးနွယ်စု အများစုအပါအဝင် လူ တစ်သန်းခန့်မှာ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံထားရသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဇူလိုင် ၁၂ ရက်တွင် မြန်မာ၊ ရုရှား၊ ဆော်ဒီ အာရေးဗျ၊ နိုင်ဂျီးရီးယား၊ အယ်လ်ဂျီးရီးယား၊ မြောက်ကိုရီးယားတို့ အပါအဝင် နိုင်ငံအများအပြားက ပေကျင်းဘက်က ရပ်တည်ကြောင်း ပြန်လည်တုန့်ပြန်စာထုတ်ခဲ့ခြင်းဖြစ်သည်။

“ လူ့အခွင့်အရေးပိုင်းမှာ တရုတ်တို့ရဲ့ မှတ်သားလောက်တဲ့ အောင်မြင်မှုတွေကို ချီးကျူးရမှာဖြစ်ပါတယ်” လို့ ယင်းစာထဲတွင် ဖော်ပြထားသည်။

အဆိုပါစာကို ဖိလစ်ပိုင်၊ ဇင်ဘာဘွေနှင့် အခြားနိုင်ငံများကလည်း ပါဝင်လက်မှတ်ထိုးခဲ့သည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly