မြို့ကြီး ၅ မြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိ

မြို့ကြီး ၅ မြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိ
ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ရေနစ်မြှုပ်နေသော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မြင်ကွင်းအခြေအနေအား ဇူလိုင် ၁၃ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-EPA-EFE/NYEIN CHAN NAING 

ရန်ကုန် ၊ ဇူလိုင် ၁၄ ။         ။ ဗန်းမော်မြို့အပါအဝင် မြစ်ကမ်းဘေးကပ်လျက် တည်ရှိနေသောမြို့ကြီး ၅ မြို့သည် သတ်မှတ်ထားသည့် မြစ်ရေ၏ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြို့ကြီး ၅ မြို့မှာ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ခန္တီးမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့တို့ ဖြစ်ပြီး လက်ရှိတွင် ကချင်ပြည်နယ်နှင့် မြောက်ဦးမြို့တို့သည် ရေဘေးဒဏ်အများဆုံး ရင်ဆိုင်နေရသည်။

ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ် ဖြစ်သည့် ၁၁၅၀ စင်တီမီတာ (၃၇ ဒဿမ ၇၃ ပေ) မှ ၁၁၇၆ စင်တီမီတာ (၃၈ ဒဿမ ၅၈ ပေ) ကို ကျော်လွန်ရောက်ရှိနေပြီး ရွှေကူမြို့၏ စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာ (၃၀ ဒဿမ ၅၁ ပေ) မှ  ၉၅၈ စင်တီမီတာ (၃၁ ဒဿမ ၄၃ ပေ) ကို ရောက်ရှိနေသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၏ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာ( ၄၄ ဒဿမ ၆၂ ပေ) မှ ၁၃၈၀ စင်တီမီတာ (၄၅ ဒဿမ ၂၈ ပေ) အထိ ရောက်ရှိနေသည်။

ယင်းအပြင် ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့၏ စိုးရိမ်ရေမှတ် ၅၈၀ စင်တီမီတာ (၁၉ ပေ) မှ ၅၉၉ စင်တီမီတာ (၁၉.၆၅ ပေ) ရောက်ရှိနေကာ ၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ် ၈၁၀ စင်တီမီတာ( ၂၆ ဒဿမ ၅၈ ပေ) မှ ၉၂၁ စင်တီမီတာ( ၃၀ ဒဿမ ၂၁ ပေ) အထိ ကျော်လွန်ရောက်ရှိနေသည်။

လက်ရှိအချိန်တွင် ရေဘေးကြောင့် ကချင်၊ ချင်း ၊ ရခိုင် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လူဦးရေတစ်သောင်းခန့်ကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရပြီး ရေဘေးဒဏ်သင့် ပြည်သူအများစုမှာ ကချင်ပြည်နယ်မှ ဖြစ်သည်ဟု ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required