ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေသူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့

ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေသူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လူ့စိတ်ဆိုတာက ခန့်မှန်းရခက်တယ်နော်။ တစ်ခါတလေ ကိုယ့်အတွက် မကောင်းမှန်းသိပေမယ့် ဒီဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းပိုးသွားနေရတာကို ပျော်နေမိတဲ့ အခိုက်အတန့်တွေရှိတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှသူတိုင်း ကိုယ်ကနှစ်သက်ချစ်ခင်မိတဲ့သူတိုင်းက ကိုယ့်အတွက် ကောင်းကျိုးပဲပေးမယ်ဆိုတာသေချာရဲ့လား။ အချို့သောသူတွေက ကိုယ့်ကို တကယ်ချစ်လို့ တကယ်ကို အားဖြစ်စေတဲ့သူတွေဆိုပေမယ့် အချို့ကတော့ ကိုယ့်ဘဝအတွက် အဆိပ်အတောက် ဖြစ်စေဖို့သက်သက်ကိုယ့်ဘေးမှာရှိနေတတ်ကြတာမျိုးလည်းရှိတတ်ကြပါတယ်။

အဆိပ်အတောက်ဖြစ်စေမယ့်သူတွေက ဘယ်လိုလူမျိုးတွေလဲ…….

လူတိုင်းက သာမန်ကြည့်ရင်တူတူပါပဲ။ ဒါပေမယ့် ရေရှည်ပေါင်းကြည့်တဲ့အခါမှာတော့ အဆိပ်အတောက်ဖြစ်စေမယ့်သူတွေ မှာအခုလိုလက္ခဏာတွေ တွေ့လာရနိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေမယ့်သူတွေက

  •     သင့်ကိုထိန်းချုပ်ဖို့ ကြိုးစားမယ်
  •     သင့်ရဲ့အရေးကိစ္စတွေကို ဘယ်တော့မှ အလေးမထားဘူး
  •     သင့်ဆီကနေ အယူပဲရှိတယ်၊ အပေးမရှိဘူး
  •     တစ်ခုခုဖြစ်တိုင်း သူတို့ပဲမှန်တယ်လို့ပြောလေ့ရှိတယ်
  •     သင့်အပေါ်မှာ ဘယ်တော့မှ မရိုးသားဘူး
  •     သင့်ကိုပဲ အမြဲအပြစ်တင်တယ်
  •     ပြဿနာတစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ တာဝန်မခံတတ်ဘူး။

အဆိပ်အတောက်ဖြစ်စေသူတွေကို လျစ်လျူရှု့လိုက်ပါ

သင့်အနေနဲ့ သင့်ရဲ့နေ့ရက်တိုင်းကိုပျော်ချင်တယ်ဆိုရင် အဆိပ်အတောက်ဖြစ်စေတတ်သူတွေကို မဖြစ်မနေဖယ်ထုတ်ဖို့ လိုပါမယ်။ သင့်ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့သူတွေ သင့်ကို တကယ်လိုလားသူတွေကိုပဲ ထားတာက သင့်အတွက် စိတ်ခွန်အားရရှိစေနိုင်သလို ပျော်ရွှင်မှုတွေကို ခံစားရလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း တိုးစေမှာပါ။

သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေသူတွေက သင့်ကို သင့်ကို စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေ နဲ့ စိတ်ထိခိုက်စရာတွေကိုပဲပေးတာကြောင့်ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုချစ်ခင်တဲ့ သင့်ပတ်ဝန်းကျင်ကလူတွေကတော့ သင့်မျက်နှာမှာ အမြဲအပြုံးဝေနေစေနိုင်သလို သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေမှာပါ။ လုပ်ငန်းခွင်မှာရော နေ့စဉ်လူနေမှု ဘဝမှာပါ ယုံကြည်မှုပြည့်ဝစွာနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းလုပ်ဆောင်နိုင်စေမှာပါ။

နေ့ရက်တိုင်းမှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ယုံကြည်မှုရှိရှိဖြတ်သန်းချင်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်က အဆိပ်အတောက်ဖြစ်စေသူတွေကိုရှောင်ရှားလို့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲ ကိုယ့်ပတ်ဝန်းကျင်လေးကို ဖန်တီးထားပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကြောင့် စိတ်ဖိစီးမှုက ရေရှည်မှာ နေထိုင်စားသောက်မှုပုံစံတွေကို ထိခိုက်လာစေနိုင်သလို လူမှုပေါင်းသင်းဆက်ဆံရေးကို ပါထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာအောင်စောင့်ရှောက်ဖို့ အတွက်ဆိုရင်တော့ ကိုယ့်ကိုအမြဲစိတ်ဒုက္ခပေးနေသူတွေကို ခပ်ကင်းကင်းနေပါ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အဆင့်ရောက် လာပြီဆိုရင်တော့ ခဏတာခံစားရမယ့် နာကျင်မှုကိုမကြည့်ဘဲ ရေရှည်နာကျင်မှုမဖြစ်စေဖို့  မဖြစ်မနေလျစ်လျူရှု့နိုင်ဖို့ ကြိုးစားပါ။ စစချင်းမှာ ခက်ခဲနိုင်ပေမယ့် ရေရှည်မှာတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ပျေ်ာရွှင်ကျန်းမာမှုအတွက်ပါ အကျိုးများတာကိုတွေ့ရနိုင်ပါတယ်။
အဆိပ်အတောက်ဖြစ်သူတွေကို အတိတ်မှာ ချန်ထားခဲ့လိုက်ပါ

အဆိပ်အတောက်ဖြစ်စေသူတွေကို မဖြစ်မနေချန်ထားခဲ့လိုက်တာကအကောင်းဆုံးပါ။ ဒီတော့ အဆိပ်အတောက် ဖြစ်စေသူတွေကို ကိုယ့်ဘဝထဲကနေဖယ်ထုတ်ဖို့ သေချာဆုံးဖြတ်ပြီးပြီဆိုရင် ဒီအဆင့်လေးတွေအတိုင်းလုပ်လိုက်ပါ။

  •     ဒါကမဖြစ်မနေကျော်ဖြတ်ရမယ့် ဖြစ်စဉ်တစ်ခုဆိုတာကို လက်ခံပါ
  •     ပြဿနာတွေဖြစ်တဲ့အခါ သူ့ကိုရှင်းပြဖို့ မကြိုးစားပါနဲ့တော့၊ လက်လွှတ်နိုင်ဖို့ စကြိုးစားပါ
  •     နှစ်ယောက်တည်းစကားမပြောပါနဲ့တော့၊ စကားပြောစရာရှိရင် လူမြင်ကွင်းမှာပဲပြောပါ
  •     ဆိုရှယ်မီဒီယာမှာလည်း အဆက်အသွယ်မလုပ်ပါနဲ့တော့
  •     သူနဲ့ထိပ်တိုက်တွေ့တာမျိုးမလုပ်ပါနဲ့တော့
  •     သူ့နဲ့ပတ်သက်ရမယ့် ကိစ္စတိုင်းကို တတ်နိုင်သမျှရှောင်လိုက်ပါ
  •     သူနဲ့ပတ်သက်တဲ့ကိစ္စတွေကို မခံစားပါနဲ့
  •     အတိတ်ကဖြစ်ရပ်တွေကို ပြန်မစဉ်းစားပါနဲ့တော့
  •     ခံစားချက်တွေကို စာနဲ့ချရေးထားပါ
  •     ချက်ချင်းအဆက်အသွယ်မဖြတ်နိုင်သေးဘူးဆိုရင် ခပ်ကင်းကင်းနေစေဖို့ စကြိုးစားပါ။

ဒီအချက်တွေကို မမေ့မလျော့ဘဲ နေ့တိုင်းကျင့်သုံးသွားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဆိပ်အတောက်ဖြစ်သူတွေကို ကိုယ့်ဘဝထဲကနေဖယ်ထုတ်သွားနိုင်မှာပါ။ ကဲ…ဘယ်လိုလဲ။ စိတ်ချမ်းသာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး ကိုယ့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေစေတဲ့ အဆိပ်အတောက်ဖြစ်စေသူတွေကို ဘဝထဲကနေ ဖယ်ထုတ်လိုက်တော့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly