ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်သူ ၇ ဦးအား ငြိမ်းစုစီဖြင့် တရားစွဲ

By ကရိုင်နူးရာ
13 July 2019
ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်သူ ၇ ဦးအား ငြိမ်းစုစီဖြင့် တရားစွဲ

ဇူလိုင်၊ ၁၂ရက်။        ။ ဆဲဗင်းဂျူလိုင် အခမ်းအနားကျင်းပခဲ့သောဦးဆောင်သူ ၇ ဦးကို တိုင်းအစိုးရမှ ငြိမ်းစုစီ ပုဒ်မ(၁၉)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ငြိမ်းစုစီပုဒ်မနှင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် တရားစွဲဆိုထားပြီး ဇူလိုင် ၁၂ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်တွင် လောရောက်ဖမ်းဆီးခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကဗျာဆရာ ခန့်မင်းထက်က ပြောသည်။

"ကျွန်တော်ကို့ မနေ့ညက ၈ ခွဲ ၊ ၉ နာရီလောက်မှာ လာခေါ်သွားတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ။ အားလုံး အေးဆေးပဲ။ စစ်ဆေးမေးမြန်းတုန်းကလည်း ကောင်းကောင်းမွန်မွန်ပဲ၊ ဘာပြဿနာမှ မရှိဘူး။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ညွှန်ကြားချက်နဲ့ ဖမ်းတယ်ပြောတယ်။ ပုဒ်မ(၁၉) ငြိမ်းစုစီပုဒ်မနဲ့ပါ။ ကျွန်တော်တို့ အားလုံး ၇ ယောက်ကို တရားစွဲထားတာပါ။ ကျွန်တော်ရယ်၊ အိသီရိကျော်ရယ်၊ မင်းသွေးသစ်နဲ့ နောက်တစ်ယောက်ရယ်။

ကျန်တဲ့ သုံးယောက်က ကျောင်းသားလေးတွေပါ။ အိမ်မှာလာခေါ်ပြီး စစ်ဆေးတာတော့ ကျွန်တော် တစ်ယောက်တည်းပဲ။ ၅ သိန်းနဲ့ အာမခံရပါတယ်။ ကျွန်တော်မပေးခဲ့ပါဘူး။ ရဲဘက်က စိုက်ထားပေးမယ် ပြောတာပဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ဘက်က တုန့်ပြန်ချင်တာက ကျွန်တော်တို့ဘာသာ ကျောင်းသားသမဂ္ဂရင်ပြင် ဂါရဝပြုတယ်၊ ကဗျာရွတ်တယ်၊ သီချင်းဆိုတယ်။ အဲဒါကို လက်ရှိလူတွေပြောနေတဲ့ ဒီမိုကရေစီအစိုးရက လက်မခံနိုင်ဘူးဆိုတော့ ထူးဆန်းတယ်ဗျ။ ကျွန်တော်တို့ အကြမ်းဖက်နေတာမှ မဟုတ်တာ။ ''ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကဗျာဆရာ ခန့်မင်းထက်က ပြောသည်။  

(၅၇)နှစ်မြောက် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် သမိုင်းဝိဉာဉ်များအား ဂုဏ်ပြုခြင်းအခမ်းအနားအား ဇူလိုင် ၇ ရက်က ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ် ၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အပါအဝင် တခြားသော နိုင်ငံရေး ကျောင်းသားအရေး လှုပ်ရှားနေသည့် အဖွဲ့များက ရန်ကုန်တက္ကသိုလ်ထဲရှိ ဗိုလ်အောင်ကျော် ကျောက်တိုင်ရှိရာကို ချီတက် လမ်းလျှောက်ပြီး လွမ်းသူ့ပန်းခွေချခြင်း၊ သမဂ္ဂအလံတော် လွှမ်းခြုံခြင်း၊ အလေးပြုခြင်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly