မင်္ဂလာဒုံတွင် စွန့်ပစ်ထားသော လူငယ်အလောင်းများ တွေ့ရှိ

By နူးရာ
13 July 2019
မင်္ဂလာဒုံတွင် စွန့်ပစ်ထားသော လူငယ်အလောင်းများ တွေ့ရှိ

ရန်ကုန်၊ ဇူလိုင်လ (၁၃)ရက် ။         ။ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် လှော်ကားလမ်းဘေးရှိ မြက်တောထဲတွင် စွန့်ပစ် ထားသည့် လူငယ်အလောင်းသုံးလောင်းကို ဇူလိုင်လ ၁၃ရက် (ယနေ့)နံနက်တွင် တွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။  

သေဆုံးသူအလောင်းသုံးလောင်းသည် အသက်(၁၅)နှစ်မှ (၁၈)နှစ် အရွယ်ရှိသော မိန်းကလေးအလောင်း တစ်ခုနှင့် ယောက်ျားလေး အလောင်းနှစ်ခုဖြစ်ပြီး ပြင်ပဒဏ်ရာမရှိပဲ သေဆုံးနေခြင်းဖြစ်သည်ဟု အင်းစိန် ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည့် ပုလဲအရန်မီးသတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောသည်။

“မနက်က ၈နာရီလောက် နယ်မြေရဲစခန်းက ရုံးကို ဖုန်းလှမ်းဆက်တယ်။ ပိုင်ရှင်မဲ့ အလောင်းသုံးလောင်း တွေ့ထားတယ်ပေါ့။ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ် လှော်ကားလမ်းမ လှော်ကားဘေးမဲ့တော အကျော် လမ်းဘေးမှာ မိန်းကလေး တစ်ဦး၊ ယောက်ျားလေး နှစ်ဦး အလောင်းသုံးလောင်းတွေ့တယ်ဆိုပြီး။ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရှိပဲ သေဆုံးနေတယ်။ အနည်းငယ်ပွန်းပဲ့တာတွေတော့ရှိတယ်။ အလောင်းတွေ ကတော့ ရေတွေစိုနေတာပဲ။  အင်းစိန်ဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ပေးခဲ့တယ်။ ဘယ်လိုကြောင့် သေဆုံးခဲ့တယ်ဆိုတာ မသိရသေးဘူး။ ဘယ်ကလဲဆိုတာလည်း မသိသေးဘူး။  လူငယ်တွေရဲ့ အသက်က ၁၅နှစ်နဲ့ ၁၈နှစ်ကြားမှာ ရှိတယ်” ဟု ပုလဲအရန်မီးသတ်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။  

အဆိုပါရုပ်လောင်းသုံးခုကို မှုခင်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပုလဲအရန်မီးသတ်ဖွဲ့မှ အင်းစိန်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

“  လူငယ် သုံးယောက်အလောင်းတွေ့တာတော့ သိလိုက်ရတယ်။ ကျွန်တော်တို့လည်း ထွေအုပ်နဲ့ စာပူးတွဲ တင်ထားတယ်။ ရဲဘက်က စုံစမ်းစစ်ဆေးနေတယ်လို့တော့ သိရတယ်။ ကျန်တာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ကလေးတွေက ဘယ်ကဆိုတာလည်း မသိရသေးဘူး။” ဟု မင်္ဂလာဒုံမြို့နယ်မှ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းမှ မဇ္စျိမသို့ ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် အခင်းဖြစ်ပွားရာနေရာသို့ CID မှ လာရောက် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required