လွှတ်တော်အမတ်တဦး၏ ရွှေထည်များကို ခိုးယူသူမှာ အခြားအမတ်တဦး၏ ချွေးမ ဖြစ်နေ

13 July 2019
လွှတ်တော်အမတ်တဦး၏ ရွှေထည်များကို ခိုးယူသူမှာ အခြားအမတ်တဦး၏ ချွေးမ ဖြစ်နေ
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)အတွင်း နေထိုင်သည့် ပြည်သူ့လွှတ်တော်အမတ်တစ်ဦး၏ အခန်းကို ဖောက်ထွင်းပြီး ရွှေထည်ပစ္စည်းများကို ခိုးယူမှုဖြင့် အခြား လွှတ်တော်အမတ်တစ်ဦး၏ ချွေးမတော်စပ်သူကို ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းများနှင့်အတူ ဇူလိုင် ၁၃ရက်၊ မွန်းလွဲပိုင်းက ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၁ရက်၊ ည ရနာရီတွင် စည်ပင်ဧည့်ရိပ်သာ(၂)၊ အဆောင်(၁၂)တွင် နေထိုင်သည့် လွှတ်တော်အမတ်တစ်ဦး၏ အခန်း ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်းများ ခိုးယူခံရမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ လွှတ်တော်အမတ် အပြင်သွားစဉ် ၎င်းနှင့်အတူ လိုက်ပါနေထိုင်သည့် ဇနီးဖြစ်သူ ရေချိုးနေချိန် ကုတင်ပေါ် တင်ထားသည့် ဆလင်းဘတ်အိတ်ကို ပြတင်းပေါက်မှ လူတစ်ဦးက လက်ဖြင့် လှမ်းဆွဲ၍ အိတ်ထဲရှိ ရွှေထည်ပစ္စည်း ထည့်ထားသော ဗူးကို ခိုးယူသွားခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နေပြည်တော်၊ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးပြီး ယမန်နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အခြား လွှတ်တော်အမတ်တစ်ဦး၏ ချွေးမဖြစ်သူ တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်တွင် နေထိုင်သည့် အသက်(၃၀)အရွယ် အမျိုးသမီးထံမှ သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြုသည်။

“ဒီအမျိုးသမီး ဒီဘက်မှာ ဝင်သွားတယ်ဆိုတာ သိရပြီး စစ်ရင်း၊ စစ်ရင်းနဲ့ ပေါ်သွားတာ။ လက်ရှိ ပစ္စည်းတွေအကုန်လုံး ပြန်ရပြီး မနေ့ညက ပိုင်ရှင်ကို ပြန်အပ်လိုက်ပြီ” ဟု အမှတ်(၁)ရဲစခန်းမှ သက်ဆိုင်ရာ ရဲအရာရှိက ပြောသည်။

ခိုးယူခံရသည့် ရွှေထည်ပစ္စည်းများမှာ ကာလတန်ဖိုးအားဖြင့် ကျပ်ငွေ ၁၀၄သိန်းဖိုး ရှိကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင် စည်ပင်ဧည့်ရိပ်သာ အမှတ်(၁)နှင့် အမှတ်(၂)ဟူ၍ ရှိပြီး အမှတ်(၂)သည် လွှတ်တော်အမတ်များ သီးခြားနေထိုင်သည့် နေရာ ဖြစ်သည်။

အဆိုပါ စည်ပင်ဧည့်ရိပ်သာ(၂)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် အခြားတိုင်းရင်းသားပါတီ ကိုယ်စားပြု လွှတ်တော်အမတ်များ တည်းခိုကြပြီး အချို့က ၎င်းတို့၏ မိသားစုဝင်များပါ လိုက်ပါနေထိုင်ကြသည်။

လာမည့် ဇူလိုင် ၁၅ရက်တွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်တော့မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်အမတ်များသည် စည်ပင်ဧည့်ရိပ်သာသို့ ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်သည်။

စည်ပင်ဧည့်ရိပ်သာ(၂)တွင် ဝင်ပေါက်နှစ်ပေါက် ရှိပြီး စည်ပင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေး ချထားသည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ ၃၈ဝဖြင့် အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားပြီး ချုပ်ရက်ရမန်ယူကာ ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags