မြောက်ဦးတွင် စစ်ဘေးရှောင်စခန်းများနှင့်ရွာများ ရေနစ်မြှုပ်နေပြီး လူ တစ်သောင်းကျော် ရေဘေးသင့်နေ

မြောက်ဦးတွင် စစ်ဘေးရှောင်စခန်းများနှင့်ရွာများ ရေနစ်မြှုပ်နေပြီး လူ တစ်သောင်းကျော် ရေဘေးသင့်နေ
မြောက်ဦးရှိ ရေနစ်မြှုပ်နေသော ဒုက္ခသည်စခန်းများအား ဇူလိုင် ၁၃ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ- MOI

ရန်ကုန်၊ ဇူလိုင် ၁၃ ။           ။ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ အပါအဝင် ရွာများ ရေကြီးရေနစ်မြှုပ်မှုများ ဖြစ်ပေါ်နေပြီး လူဦးရေ တစ်သောင်းနီးပါးခန့် ရေဘေးသင့်နေကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း ဇူလိုင် ၁၂ ရက်မှ စတင်ကာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပြီး ကျောက်ကပ်ရွာအနီးရှိ ဂါထာတောင်ဆည် ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခြင်းဟု သိရသည်။

“ အဓိက ဖြစ်နေတာကတော့ လေးမြို့မြစ်ကမ်းနဖူးမှာ တည်ဆောက်ထားခဲ့တဲ့ စင်းဘောကိုင်းဒုက္ခသည်စခန်း၊ လူဦးရေ ၃၀၀၀ ကျော်လောက် ရှိတယ်ပေါ့နော်။ ဒီ စခန်းက ဒုက္ခသည်တွေက လေးမြို့မြစ်ရေ ကြီးတဲ့အတွက်ကြောင့် သူတို့တွေ ကုန်းမြင့်ရာကို ရွှေ့ပြောင်းရတယ်။ သူတို့တွေ လက်ရှိမှာ အဲဒီထက်မြင့်တဲ့ ဘုန်းကြီးကျောင်းတို့၊ တစ်ချို့မြင့်တဲ့အိမ်တွေမှာ ကပ်ခိုနေကြပါတယ်။ မြောက်ဦးမြို့နယ် မြောက်ဖက်က တောင်ညိုဒုက္ခသည်စခန်းမှာလည်း ရေတွေ ဝင်လာတဲ့အတွက် ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်။ နောက်တစ်ခုက စေတီတောင်ရွာဟောင်းဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို စခန်းအနီးမှာရှိတဲ့ သကျမုနိဘုရားကုန်းတော်ပေါ် ရွှေ့ထားတယ်။ တစ်ချို့ကိုလည်း စာသင်ကျောင်းမှာ ပြောင်းရွှေ့နေတာလည်း ရှိတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္ဈိမ သို့ ပြောသည်။

လက်ရှိတွင် ဒေသခံများနှင့် စစ်ရှောင်များမှာ ဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး လက်ရှိအချိန်ထိ အစိုးရနှင့် လူမှုရေးအသင်းအဖွဲ့များထံမှ အကူအညီမရသေးကြောင်း သိရသည်။

“ ကူညီကယ်ဆယ်ရေးကတော့ဗျာ၊ ဘယ်ဌာန၊ ဘယ်အဖွဲ့အစည်းမှ ခု လောလောဆယ် မရောက်သေးဘူး” ဟု ဦးထွန်းသာစိန်က ပြောသည်။

လက်ရှိတွင် ရန်ကုန်-စစ်တွေ ကားလမ်း၊ မြောက်ဦး-မင်းပြား လမ်းပိုင်းကြား တွင်ရှိသော မြောင်းဘွေကျေးရွာနှင့် နန်းကျားကျေးရွာအနီးတဝိုက်တွင် ရေကျော်လျက်ရှိပြီး မြောက်ဦးမြို့နယ်အတွင်းရှိ စင်းဘောကိုင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်း၊ မြတန်ဆောင်းစခန်းနှင့် တိမ်ညို စစ်ဘေးရှောင်စခန်းများ နစ်မြှုပ်နေသည်ဟု သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

“ မြောက်ဦးမြို့နယ်မှာဆိုလို့ရှိရင် ဒီနှစ်က မိုးအဆက်မပြတ် ရွာတဲ့အတွက်ကြောင့်မို့ မြောက်ဦးမြို့နယ်ထဲ ကျောက်ကပ်နားက ဂါထာတောင်ဆည် ကျိုးပေါက်တာ ရှိတယ်။ ကျောက်ကျပ်ကျေးရွာအုပ်စုထဲက ကျောက်ကျပ်ကျေးရွာရယ်၊ စေတီတောင်ရွာသစ်ရယ်။ ဒီဖက် ကျောက်ဆယ်ပြင်ဆိုတဲ့ရွာရယ်၊ နောက် ရန်အောင်မြင်ဆိုတဲ့ရွာ၊ အဲဒီရွာတွေအကုန် တစ်အိမ်မှ မကျန်ဘူး နစ်မြှုပ်နေတာ” ဟု ဦးထွန်းသာစိန်က ဆိုသည်။

လက်ရှိတွင် ရေသည် စပါးသိုလှောင်ကျီများပါ ထိလုနီးပါး ရောက်ရှိနေပြီး မြောက်ဦးမြို့ပေါ်အနိမ့်ပိုင်းများနှင့် မင်းပြားမြို့နယ်အချို့နေရာများပါ ရေနစ်မြှုပ်နေသည်။

လူဦးရေ ခန့်မှန်းချက်အနေဖြင့် စင်းဘောကိုင်းဒုက္ခသည်စခန်းတွင် လူဦးရေ ၃၀၀၀ ကျော်၊ စေတီတောင် ဒုက္ခသည်စခန်းတွင် လူဦးရေ ၂၀၀ ကျော် တစ်ခြမ်းနစ်မြှုပ်နေသော တိမ်ညိုစခန်းတွင်  ၂၀၉၂ ဦး၊ ကျောက်ကျပ်ကျေးရွာတွင် လူဦးရေ  ၂၀၀၀ ကျော်၊ စေတီတောင်ရွာဟောင်းတွင် လူဦးရေ ၈၀၀ ခန့်၊ စေတီတောင်ရွာသစ်တွင် လူဦးရေ ၁၀၀၀ ကျော်နှင့် ကျောက်ဆည်ပြင်ရွာတွင် လူဦးရေ ၄၀၀၀ ကျော်ခန့်သည် ရေဘေးဒုက္ခ ကြုံတွေ့နေရသည်။

“ လိုအပ်ချက်ကတော့ စားသောက်နေထိုင်ရေးပေါ့။ အဲဒါက အရေးတကြီးလိုအပ်နေတယ်။ နောက်တစ်ခုက ရေကျသွားပြီဆိုရင်လည်း ဒုက္ခသည်စခန်းတွေ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ရမှာပေါ့။ အဲဒီအတွက်လည်း ကျွန်တော်တို့ လိုအပ်နေတယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

လက်ရှိတွင် ကူညီကယ်ဆယ်ရေးများ ရောက်ရှိမလာသေးဘဲ ရေနစ်မြှုပ်ပြီး ရေကျသွားပါကလည်း ဒုက္ခသည်များ ပြန်လည်တည်ဆောက်ရေးကိုပါ ရင်ဆိုင်ရဖွယ် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required