H1N1 ကြောင့် သေဆုံးသူဦးရေ မှာ ၂၀၁၇ ခုနှစ်ထက် ၃ ဆကျော်မြင့်တက်လာ

H1N1 ကြောင့် သေဆုံးသူဦးရေ မှာ ၂၀၁၇ ခုနှစ်ထက် ၃ ဆကျော်မြင့်တက်လာ
Photo - EPA

ဇူလိုင် ၁၃ ရက်၊ ရန်ကုန် ။        ။ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူဦးရေသည် ၂ဝ၁၇ ခုနှစ်ကထက် ၃ဆကျော်မြင့်တက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများကို နှိုင်းယှဉ်ချက်များအရ သိရသည်။

၂ဝ၁၉ ခုနှစ်အတွင်း ဇန်နဝါရီလမှ ယခုဇူလိုင်လ ၁၂ ရက်နေ့အထိ H1N1 ကြောင့် သေဆုံးသူဦးရေသည် ၄၃ ဦးအထိရှိနေပြီး၂ဝ၁၇ ခုနှစ်က H1N1 ကြောင့် လူသေဆုံးမှုမှာ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၁၂ သာရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်အထိလူသေဆုံးမှုမှာ  ၂ဝ၁၇ ခုနှစ်ကထက် ၃ဆကျော်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၈ ခုနှစ်တွင် H1N1ကြောင့် သေဆုံးသူမရှိခဲ့ပေ။

တစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်း၌ H1N1 ကြောင့် သေဆုံးသူ အများဆုံးဖြစ်နေပြီး စုစုပေါင်းသေဆုံးသူ ၄၃ ဦးအနက် ၃၅ ဦးသည် ရန်ကုန်မှ ဖြစ်သည်။

“အခုဆိုရင် အစ်မတို့ ပညာပေးတဲ့လုပ်ငန်းတွေမှာ ပြည်သူလူထုအနေနဲ့ မှန်ကန်တဲ့ သတင်း အချက်အလက် တွေ ရအောင်လို့ နည်းမျိုးစုံသုံးပြီးတော့ ပေးခြင်းဖြစ်ပါတယ်။ လိုက်နာခြင်း၊ မလိုက်နာခြင်း ကတော့ လူတစ်ဦး တစ်ယောက်စီပေါ်မှာ အများကြီးမူတည်တယ်။ အခုဆိုရင် YBS ကားတွေပေါ်မှာလည်း သတိပေးချက် ကပ်ထား တာတွေ အများကြီးတွေ့နိုင်ပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် အထူးသဖြင့် ကျန်းမာရေးပညာပေးပစ္စည်းတွေ အများကြီးပဲပြုလုပ်ပြီး လူနေထူထပ်တဲ့ နေရာမှာ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ လုပ်တယ်။ ဒါပေမယ့် လိုက်နာခြင်း၊ မလိုက်နာခြင်းကတော့ တိုင်းတာဖို့ လတ်တလောအနေအထားမှာ ခက်ခဲတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြင့်တင်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက မဇ္စျိမကို ပြောသည်။

H1N1 ကြောင့် သေဆုံးသူများအနက် အများစုမှာ နာတာရှည်ရောဂါခံစားနေကြရသူများဖြစ်ကြောင်းလည်း သိရသည်။

“သေဆုံးမှုအနေအထားကို ကြည့်မယ်ဆိုရင် အများစုက နာတာရှည်ရောဂါအခံတွေကြီးကြီးမားမားရှိကြတယ်။ ရှိကြတဲ့သူတွေမှာ သေဆုံးမှုတွေ များတာတွေ့ရတယ်။ ဒီဘက်က ရိုးရိုးတန်းတန်း H1N1 တစ်ခုတည်းကြောင့် သေတယ်ဆိုတာက တော်တော်လေးကို နည်းပါတယ်” ဟု ၄င်းက ပြောသည်။

ရောဂါသံသယရှိသူ ၅၈၅ ဦးမှ ၂၂၅ ဦးဖြစ်ပွားကြောင်း ဓာတ်ခွဲအတည်ပြုခဲ့ပြီး ၄၃ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ ဖြစ်ကြောင်းလည်း သိရသည်။

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly