မြစ်ဆုံရပ်ဆိုင်းသည့် လေးနှစ်ပြည့် ဆုတောင်းဝတ်ပြုပွဲလုပ်

မြစ်ဆုံရပ်ဆိုင်းသည့် လေးနှစ်ပြည့် ဆုတောင်းဝတ်ပြုပွဲလုပ်

ချင်းမိုင်၊ အောက်တိုဘာ ၁၀ ။ ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းထားသော ၄ နှစ်ပြည့် အမှတ်တရ ဆုတောင်းဝတ်ပြုတောင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်က မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားကို တန်ဖရဲကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းဝင်းတွင် ကချင်ပြည်နယ် ပြည်သူပေါင်း ၁၅၀၀ ခန့် တက်ရောက်ခဲ့ပြီး မြစ်ဆုံရေကာတာစီမံကိန်း ထာဝရ ရပ်ဆိုင်းရန်အတွက် ခရစ်ယာန်ဘာသာဖြင့် ဆုတောင်းခြင်းနှင့် ကြွေးကြော်မှုများ ပြုလုပ်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်ပူက ပြောသည်။

“ကျမတို့ ဒီနေ့ လာရောက်တဲလူတွေ ရဲ့ ရင်တွင်း ခံစားချက်ကို သုံးသပ်ကြည့်တဲ့အခါမှာ ဒီနေ့လာရောက်တဲ့လူတွေဟာ မရောက်တဲ့လူတွေရော ဖုန်းနဲ့သော်လည်းကောင်း အီးမေးလ်နဲ့ ဖေ့စ်ဘုတ်နဲ့သော်လည်းကောင်း ကျမတို့ကို လူမရောက်နိုင်ပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့ လုံးဝ ထောက်ခံပါတယ်ပေါ့။ ထာဝရ ရပ်ဖို့ ထောက်ခံတယ်။ ပြီးတော့ ဒီနေ့ တက်လာတဲ့ လူတွေကလည်း တကယ်ဘဲ မြစ်ဆုံစီမံကိန်းကို လုံးဝ အလိုမရှိတဲ့အရာဖြစ်တယ်”ဟု သူက မဇ္ဈိမကိုပြောသည်။

အခမ်းအနားတွင် မြစ်ဆုံသမိုင်းအကြောင်းကို ဒေသခံ ဦးလရမ်က ပြောကြားခြင်း၊ မြစ်ဆုံစီမံကိန်း ဆန့်ကျင်လှုပ်ရှားမှု အတွေ့အကြုံကေို ဆရာအင်ဝေါတ်နော်အောင်က ရှင်းပြခဲ့သလို၊ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ကျေးရွာ ၆ ရွာမှ ကိုယ်စားပြု ဒေသခံ ဒေါ်ကိုင်ဆိုင်းက ပြောင်းရွှေ့ခံရသည့် အခက်အခဲ ခံစားချက်ကို ပြောကြားခဲ့သည်ဟု သိသည်။

ဒုတိယအစီအစဉ်တွင် အခမ်းအနားပွဲတက်ရောက်လာသူများ ၅ ဦးတစ်တန်း ပြုလုပ်၍ တန်ဖရဲကျေးရွာ ကက်သလစ် ဘုရားကျောင်းမှ ၄ ဖာလုံ ဝေးသော မေခနှင့် မလိခဆုံရာ မြစ်ဆုံသို့ လမ်းလျှောက်၍ သွားကာ မြစ်ဆုံ ရပ်တန့်ရေးအတွက် မိမိလိုလားသည့် ခံစားချက်အား ရေးသားရန် ဗီနိုင်းအလွတ်တွင် ရေးသားကြသည်ဟု သူက ပြောသည်။

“မြစ်ဆုံကို ချက်ချင်းရပ်ပါ။ ပြီးတော့ ထာဝရ ရပ်စဲဖို့ လိုတယ်။ ပြည်သူများရဲ့ အခွင့်အရေးကိုသာ ရှေးရှုပါ။ ဒေသခံများရဲ့ အခွင့်အရေးကို ဆုံးရှုံးစေတဲ့ဟာ မလုပ်ပါနဲ့ စသဖြင့် အများကြီး ရေးကြဆိုင်းထိုးကြတယ်”ဟု ဒေါ်နန်ပူက ပြောသည်။

အခမ်းအနား တက်ရောက်လာသူများကို NO Dam ဟူသော စာသားနှင့် Stop ဆိုသည့် လက်ဝါးပုံပါ ဦးထုတ် အဖြူ ၁၀၀၀ လုံးကို ဖြန့်ဝေပေးခဲ့သော်လည်း လုံလောက်မှု မရှိခဲ့ကြောင်း သူက ပြောသည်။ “ဦးထုတ် အဓိပါယ်က ခေါင်းထဲမှာ ဆောင်ထားတာဆိုရင် မြစ်ဆုံ စီမံကိန်းကို ရပ်တန့်ဖို့၊ ဘယ်တော့မှ မလုပ်ဖို့ရန်အတွက် ဆန္ဒ ရှိတယ်ဆိုတဲ့သဘောတရားကို ဖော်ဆောင်တယ်”ဟု သူက ပြောသည်။

ထို့နောက် မြစ်ဆုံရေစပ်သို့ ဆင်းကာ NO Dam ဟူသော စာသားပါ ဦးထုတ်ကို ခေါင်း၍ ယင်းစာသားကို ပုံဖော်၍ “မြစ်ဆုံရေကာတာ စီမံကိန်း ထားဝရ ရပ်တန်ရေး” “ မြစ်ဆုံဒေသခံများ မိမိနေရပ် တန်ဖရဲရွာကို လုံခြုံစွာ လူ့ဂုဏ်သိက္ခာရှိစွာ ပြန်ရေး” “ ဧရာဝတီမြစ်ကြီး လှပစွာ၊ သန့်ရှင်းစွာ ဆက်လက် ဆင်းစီးနေရေး” ဟူသော စကားလုံးများ ၃ ကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့သည်ဟု ဒေါ်နန်ပူက ပြောသည်။

“ဒီလို လူထုကြီးဆန္ဒဖော်ထုတ်ပြီး လာရောက်ပါဝင်ခြင်းကို နောက်အဆက်ဆက်သော တက်လာတဲ့ အစိုးရသစ်တွေ ဘယ်နှစ်ခုပဲ တက်လာတက်လာ။ သမ္မတအသစ်တွေ ဘယ်နှစ်ယောက်ပဲ ပေါ်လာပေါ်လာ ဒီမြစ်ဆုံရေကာတာစီမံကိန်းကို ဘယ်တော့မှ ထပ်မလုပ်ဖို့ရန်အတွက် လိုချင်တယ် ဆိုတဲ့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်ဆိုတာကို သုံးသပ်လို့ရပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

သို့သော် မြစ်ဆုံရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ဟောပြောမည့် ပညာရှင် ဆရာဦးဝင်းမျိုးသူအား ဖိတ်ခေါ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ရန်ကုန်-မြစ်ကြီးနား လေကြောင်းလိုင်း ၅ ရက် ပိတ်ထားသဖြင့် လမ်းခရီး အခက်အခဲကြောင့် အခမ်းအနားသို့ ရောက်နိုင်ခြင်း မရှိပေ။

မြစ်ဆုံရေကာတာ စီမံကိန်း ရပ်စဲခြင်းသည် ထာဝရ အဖြစ်သေချာစေရန် အလိုရှိကြောင်း၊ ဒေသခံများ နေရပ်သို့ ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိရန်၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမဆို မပြုလုပ်ရန်နှင့် သဘာဝပန်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အစိုးရ၊ ပြည်သူလူထုများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန် လိုလားကြောင်း မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းရေး ၄ နှစ်ပြည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူလက မြစ်ဆုံနေရာတွင် အခမ်းအနား ကျင်းပရန် စီစဉ်ထားသော်လည်း မိုးရွာသွန်းမှုပြင်းထန်သဖြင့် တန်ဖရဲကျေးရွာရှိ ကက်သလစ် ဘရားကျောင်းဝင်းတွင် ကျင်းပခဲ့သည်ဟု ဒေါ်နန်ပူက ပြောသည်။ အစိုးရဘက်မှ တစ်စုံတစ်ရာ တားမြစ်ခြင်း မရှိသော်လည်း မည်သည့် အခမ်းအနားဖြစ်သည်ကို မေးမြန်းခြင်းများ ရှိခဲ့သည်ဟု သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly