အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးမှုဖြစ်၍ သုံးဦး သေဆုံးကာ လေးသိန်းကျော် ရေဘေးကြုံ

အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးမှုဖြစ်၍ သုံးဦး သေဆုံးကာ လေးသိန်းကျော် ရေဘေးကြုံ

နယူးဒေလီ၊ ဇူလိုင် ၁၂ ။        ။ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ရေကြီးရေလျှံမှုနဲ့ မုတ်သုံမိုးသည်းထန်တာကြောင့် လူ သုံးဦး သေဆုံးပြီး လေးသိန်းကျော်ထက်မနည်း ရေဘေးဒုက္ခရင်ဆိုင်နေရကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၁၁ ရက်မှာ ပြောပါတယ်။

“ရေကြီးမှုဘေးမှာ သေဆုံးသူက နှစ်ဦးရှိပြီး မြေပြိုမှုကြောင့် တစ်ဦး သေဆုံးခဲ့ပါတယ်။”လို့ အာသံပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၄ နာရီအတွင်း ရေကြီးရေလွှမ်းတဲ့ ကျေးရွာပေါင်း ၂၅၀ ကျော် ရှိပြီး စပါးစိုက်ခင်း ဟတ်တာ ၁၆၃၇၀ ရေဖုံးလွှမ်းကြောင်း အဲဒီ အကြီးတန်းတာဝန်ရှိသူက ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်ပေးဖို့ အစိုးရဟာ အမျိုးသား သဘာဝဘေး တုံ့ပြန်မှုအဖွဲ့နဲ့ ပြည်နယ်သဘာဝဘေး တုံ့ပြန်မှုအဖွဲ့တွေကို တိုက်တွန်ညွှန်ကြားထားပါတယ်။

နှစ်စဉ် ဒီလို ရာသီကာလမျိုးမှာ အိန္ဒိယမှာ မုတ်သုံဝင်ပြီး ရေကြီးရေလျှံမှုတွေ ကြုံရလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မိုးသည်းထန်တာကြောင့် မွမ်ဘိုင်းမြို့မှာ ကားလမ်းတွေ၊ ရထားလမ်းတွေနဲ့ လေယာဉ်ပြေးလမ်းတွေတောင် ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly