ထိုင်ဝမ်သမ္မတ အမေရိကန်သို့ ရောက်စဉ် ၎င်းအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ရန်ပွဲဖြစ်

ထိုင်ဝမ်သမ္မတ အမေရိကန်သို့ ရောက်စဉ် ၎င်းအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ရန်ပွဲဖြစ်

ဇူလိုင် ၁၂ ။          ။ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ဇူလိုင် ၁၁ ရက်က အမေရိကန်မှာ အလည်အပတ်ခရီး ရောက်ရှိခဲ့စဉ်အတွင်း သူမအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ထိပ်တိုက်တွေ့ ရန်ပွဲတွေဖြစ်ခဲ့ကြလို့ နယူးယော့ခ်ရဲတပ်ဖွဲ့က ကြားဝင်ထိန်းသိမ်းခဲ့ရပါတယ်။

ပေကျင်းအစိုးရကို အမျက်ထွက်စေတဲ့ ယခု ထိုင်ဝမ်သမ္မတရဲ့ အမေရိကန်ခရီးစဉ်အတွင်း ခုလို ထောက်ခံသူ၊ ဆန့်ကျင်သူတွေအကြား သတ်ပုတ်မှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

နှစ်ရက်တာ အမေရိကန်ခရီးစဉ်အတွင်း ဆိုင်အင်ဝမ် တည်းခိုတဲ့ Grand Hyatt ဟိုတယ်အပြင်မှာ ဖြစ်ခဲ့တဲ့ ရန်ပွဲတွေကို ထိုင်ဝမ် မီဒီယာက ထုတ်လွှင့်ပြသခဲ့ပါတယ်။

တရုတ် အလံ ဝှေ့ယမ်းပြီး ကြွေးကြော်အော်ဟစ်နေခဲ့ကြတဲ့ ကန့်ကွက်သူအုပ်စုနဲ့ ဆိုင်အင်ဝမ်ကို ထောက်ခံသူတွေအကြား ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ရန်ပွဲအတွင်း အမျိုးသားတစ်ဦးကို နယူးယော့ခ်ရဲတွေက လက်ထိပ်ခတ်ခေါ်ဆောင်သွားတာကိုပါ တွေ့မြင်ခဲ့ရပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံ့ခေါင်းဆောင်တွေ အမေရိကန်မြေပေါ် လာရောက်ခြေချချိန် အငြင်းပွားမှုမျိုး မရှိပေမယ့် ထိုင်ဝမ်ကတော့ ထူးခြားတဲ့ သံခင်းတမန်ခင်း အခြေအနေတစ်ရပ် ရှိနေတာဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ ထိုင်ဝမ်ကျွန်းမှာတော့ ဆယ်စုနှစ် ခုနစ်စုကြာ ကိုယ်ပိုင်အုပ်ချုပ်နေခဲ့ပေမယ့် အမေရိကန်အပါအဝင် နိုင်ငံအများစုကတော့ ယင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း မရှိပါဘူး။

သို့သော် ၀ါရှင်တန်ကတော့ ယင်းရဲ့ တရားဝင်မဟုတ်တဲ့ အင်အားကြီး မဟာမိတ်နဲ့ အဓိက လက်နက် ရောင်းချသူအဖြစ် ဆက်လက်ရပ်တည်နေလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly