မွန်ညီညွတ်ရေးပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြု

မွန်ညီညွတ်ရေးပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြု
ဓာတ်ပုံ - Mon National Party

ရန်ကုန် ၊ ဇူလိုင် ၁၂ ။           ။ ဒေသတွင်း မွန်အင်အားကြီးနှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီအား တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ လိုက်သည်။

ပါတီတည်ထောင်ခွင့်အကြောင်းကြားစာအား ကော်မရှင်မှ အီးမေးလ်ဖြင့် ပေးပို့ထားသည်ကို လက်ခံရရှိထားပြီး ပါတီတည်ထောင်ခွင့်ဆိုင်ရာ ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ဆိုသည်။

“မြို့နယ်အဆင့် လုပ်ဆောင်ရမယ့်ဟာတွေတော်တော်များများက လုပ်ပြီးသွားပြီ။ ၈၀ ရာခိုင်နှုန်း လောက် ပြီးနေပြီ။ အခု ကျွန်တော်တို့အစည်းအဝေးထိုင်ပြီး ပါတီဆိုင်းဘုတ်တင်ဖို့ ၊ ပါတီဝင်စာရင်းတင်ပြဖို့ လုပ်နေပါ တယ်” ဟု နိုင်စံတင်က ဆိုသည်။

ပါတီတည်ထောင်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ပါတီတည်ထောင်ခွင့်ပြုသည့် ရက်မှ စတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား အနည်းဆုံး လူဦးရေ ၁၀၀၀ တင်ပြရမည်လည်း ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ နှင့် မွန်နိုင်ငံရေးစိတ်ဝင်စားသည့်သူများ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လအတွင်းက လျှောက်ထားခဲ့ခြင်းလည်းဖြစ်သည်။

ပါတီဝင်အင်အား တစ်သိန်းနီးပါးရှိပြီး မွန်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုအဖြစ် ရပ်တည်လာမည့် မွန်ညီညွတ်ရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ံဖြိုးရေးပါတီ(USDP) တို့နှင့်အဓိက ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပါတီတစ်ခုတည်းအဖြစ် ပြောင်းလဲဖွဲ့စည်းနေပြီး လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။

ကချင်ပါတီများ စုပေါင်းပြီး ပြည်နယ်ကိုယ်စားပြု အဖြစ် ကချင်ပြည်နယ်ပြည်သူ့ပါတီကို ပြောင်းလဲ ဖွဲ့စည်း ထားကာ ၊ ချင်းပါတီများ စုပေါင်းကာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်း ထားမှုများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly