ဝင်ကြေးပေးကြည့်ရှုနိုင်မည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို လာမည့် ၆ လအတွင်း ဖွင့်လှစ်မည်

ဝင်ကြေးပေးကြည့်ရှုနိုင်မည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို လာမည့် ၆ လအတွင်း ဖွင့်လှစ်မည်
ဓာတ်ပုံ -ဖူးအိအိနွယ်

ရန်ကုန် ၊ ဇူလိုင် ၁၂ ။           ။ ဗဟန်းမြို့၊ ဝင်္ကဘာလမ်းရှိ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်  ၆ လအတွင်း ဖွင့်လှစ်နိုင်အောင် ပြင်ဆင်နေပြီး ပြီးစီးသွားပါက ဝင်ကြေးပေး ကြည့်ရှုနိုင်မည့် ပြတိုက်အဖြစ် ဖွင့်လှစ်သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

“ပြင်ဆင်မှုတွေက ၆ဝ ရာခိုင်နှုန်း ပြီးနေပါပြီ။ ပြတိုက်ပြီးသွားရင် အများပြည်သူလေ့လာနိုင်အောင် ကျွန်တော်တို့က လုပ်ဖို့ရှိပါတယ်။ မည်သူမဆို လာရောက်လေ့လာနိုင်ပါတယ်။ လာရောက်လေ့လာတဲ့အခါမှာ ဝင်ကြေး ပေးပြီး လာရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဝင်ကြေးကိုတော့ ပြတိုက်ပြီးသွားရင် အစည်းအဝေး လုပ်ပြီး သတ်မှတ်သွားမှာပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌက ပြောသည်။

ရုပ်ရှင်ပြတိုက်တွင် မြန်မာ့ရုပ်ရှင်ငွေရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတုပြခန်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်သူပြခန်း အပါအဝင် အခန်း ၆ ခန်းပါဝင်ပြီး မြန်မာ့ရုပ်ရှင်သမိုင်းဆိုင်ရာအချက်အလက်များကို စုစည်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုကတော့ ပရိသတ်လည်း စိတ်ဝင်စားအောင်ဆိုပြီး အထဲ ထဲမှာ အရုပ်လေးတွေ ထား ထားဖို့ ရှိပါတယ်။ အကယ်ဒမီအရုပ်ဆိုရင်လည်း ခေါင်းလေးချန်ထားပြီး သွားရပ်ပြီး ဓာတ်ပုံရိုက်လို့ ရတာမျိုး။ အဲဒါမျိုးလေးတွေ သူတို့ စဉ်းစားနေတယ်ဆိုတော့ နည်းနည်းကြာနေတာပါ။ အကယ်ဒမီခန်းဆိုရင် အကယ်ဒမီ စ စပေါ်တည်းက ၅၂ ခုနှစ်ကနေ ဒီနေ့အထိ အကယ်ဒမီဆုရတဲ့သူတွေအကုန် ရသမျှစုထားတာကို သမိုင်းအချက်အလက်တွေ ပါပြီးသား၊ ငွေရတုဆိုလည်း ငွေရတုကာလမှာထွက်တဲ့ မင်းသားတွေ၊ ဒါရိုက်တာတွေ၊ အဲဒီတုန်းက စတန့်ဆိုရင်လည်း ဘယ်လိုဆိုတာ ပုံတွေ ပြထားမှာပါ။ အဲဒီတော့ လိုက်ကြည့်လိုက်တာနဲ့ ပရိသတ်က မြန်မာ့ရုပ်ရှင်သမိုင်းကို သိသွားနိုင်မှာပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ဆိုသည်။

၁၉၉၅ ခုနှစ်တွင် ပြတိုက်ဖြစ်မြောက်ရေးအတွက် မြန်မာ့ရုပ်ရှင် ၇၅ နှစ်ပြည့်ပြပွဲတွင် ပြသခဲ့သောပစ္စည်းများဖြင့် စတင်လုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆိုပါပြတိုက် ပိတ်ထားသည်မှာ ကလအတန်ကြာရှိပြီ ဖြစ်သည်။

“အဲ့ဒီ ၉၈ တုန်းက ဝင်ကြေးက ၂ဝဝ ပဲ ယူထားတာ။ နိုင်ငံခြားသားဆို ၂ ဒေါ်လာ။ အခုကတော့ အဲဒီလို မရတော့ဘူး။ အခုလုပ်နေတာတောင် အနည်းဆုံး ထောင်ဂဏန်းဖြစ်မှာ။ ရုပ်တုတွေ လုပ်ရတာနဲ့ဆိုတော့။ စ စဖွင့်တုန်းက ကျောင်းတွေက အများကြီးလာကြတယ်။ အဲ့ဒီလာမယ့်နေ့မှာ သရုပ်ဆောင်တွေ ခေါ်ထားတယ်။ လတ်မှတ်ထိုးပေးတာတွေ ရှိတယ်။ လူတွေ အရမ်းစည်ကားခဲ့တယ်။ နောက်ပိုင်း မပြုပြင်နိုင်လို့ ကျသွားတာပေါ့ ” ဟု ဦးအေးကြူလေးက ဆိုသည်။

ထို့ကြောင့် ပြတိုက်ဝင်ကြေးသည် ကျပ် ထောင်ဂဏန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းရပြီး လာမည့် ၆ လအတွင်း ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required