ဗစ်တိုးရီးယားအမှု အတွက် အလှူခံထားသော ဘဏ်အကောင့်ဆိုင်းငံ့ထားရန် ဗဟိုဘဏ်မှ ညွှန်ကြားခဲ့ခြင်းမရှိဟုဆို

By သဇင်လတ်
11 July 2019
ဗစ်တိုးရီးယားအမှု အတွက် အလှူခံထားသော ဘဏ်အကောင့်ဆိုင်းငံ့ထားရန် ဗဟိုဘဏ်မှ ညွှန်ကြားခဲ့ခြင်းမရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၁ ။       ။  ဗစ်တိုးရီးယား၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကိစ္စကို ကူညီရန်အတွက် ဖွင့်ထားသော ဘဏ်အကောင့် ဆိုင်းငံ့ခံခဲ့ရမှုနှင့် ပတ်သက်၍ ဗဟိုဘဏ်မှ တစ်စုံတရာ ညွန်ကြားခဲ့မှုမရှိကြောင်း ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က  မဇ္စျိမသို့ ပြောသည်။

“ဗဟိုဘဏ်ကိုလည်း ဘယ်သူကမှ လာပြီးတော့ Recommend ပေးတာ မရှိဘူး။  ဗဟိုဘဏ်ကလည်းပဲ အဲ့ဒီအကောင့်နဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားထားတာ မရှိပါဘူး”ဟု ဦးဝင်းသော်က ပြောသည်။

ဗစ်တိုးရီးယားအတွက် အလှူခံထားသောအကောင့် ဆိုင်းငံ့ခံထားရသည်ဟု ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက Victoria’s Finance အဖွဲ့ဝင်တစ်ဦးဖြစ်သူ JessicacMozart  Facebook အကောင့်တွင် ရေးတင်ထားခဲ့သည်။

“AYA မှ တာဝန်ရှိသူတွေနဲ့ အခုပဲ ဖုန်းပြောပြီးပါတယ်။ ဗဟိုဘဏ်ကနေ ညွွှန်ကြားချက်နဲ့ ဘဏ်အကောင့်ကို Suspend (ဆိုင်းငံ့) လုပ်ခိုင်းထားလို့ လုပ်ထားရပါတယ်တဲ့။ ဘဏ်ဖက်က ကြေညာချက်ထုတ်ပေးပါ့မယ်တဲ့။ သူတို့သဘောနဲ့သူတို့ ပိတ်ရတာမဟုတ်ရပါဘူးတဲ့။ အဲ့လိုလည်း လုပ်ခွင့်မရှိပါဘူးတဲ့။ အကောင့်ထဲကငွေတွေလည်း ဘာမှမဖြစ်ပါဘူးတဲ့” ဟု ဘဏ်နှင့်အပြန်အလှန် ဆက်သွယ်ခဲ့သည့်အကြောင်းကို JessicacMozart က Facebook တွင် ရေးသားခဲ့သည်။

ယင်းကဲ့သို့ အကောင့်ဆိုင်းငံ့ခံရမှုနှင့်ပတ်သက်၍ ဘဏ်ကို ဆက်သွယ်မေးမြန်းပြောဆိုခဲ့ပြီးနောက် ညနေပိုင်းတွင် ဘဏ်အကောင့်မှာ ပြန်ပွင့်နေပြီဟု JessicacMozart က မဇ္စျိမသို့ ပြောသည်။

“အကောင့်က အခုတော့ပွင့်နေပြီ Balance နည်းနည်း ရှိနေတယ်။ အဲ့ဒီဟာကိုအစ်မတို့ Update ယူထားတယ်။ အစ်မတို့ ဒီထဲကပိုက်ဆံကိုထုတ်ဖို့ အစီအစဉ်မရှိဘူး။ ဘာမှအပြောင်းအလဲလုပ်ဖို့ အစီအစဉ်မရှိဘူး”ဟု JessicacMozart က မဇ္စျိမသို့ ပြောသည်။

ဗစ်တိုးရီးယား၏ လိင်အကြမ်းဖက်ခံရမှုကိစ္စကို ကူညီပေးနေသော သက္ကမိုးညို အကောင့်ပိုင်ရှင် ဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ဝင်းကိုကိုသိန်းက ယင်းကိစ္စနှင့်ပတ်သက်၍ ဘဏ်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က ပိတ်ခိုင်းထားသောကြောင့် ဘဏ်အကောင့်ကို ပိတ်ထားရသည်ဟု JessicacMozart က Facebook တွင် ရေးသားခဲ့သည်။

နေပြည်တော်မှ ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုဖြစ်သည့် Wisdon Hill တွင် တက်ရောက်နေသည့် ၃ နှစ်အရွယ်  ဗစ်တိုးရီးယား၏ လိင်အကြမ်းဖက်ခံရမှုကိစ္စကို ကူညီရန် ဘဏ်အကောင့်တစ်ခု ဖွင့်ထားပြီး ကလေးငယ်အမှုကို အမှန်တရား ပေါ်ပေါက်စေလိုသူများနှင့် ကို ချစ်ခင်သူများမှ စုပေါင်းအလှူငွေထည့့်ဝင်နေကြသည်။

ယခုအချိန်တွင် ဗစ်တိုးရီယား၏ လိင်အကြမ်းဖက်ခံရမှု အမှုကိစ္စကို ကူညီရန်ဖွင့်ထားသော ဘဏ်အကောင့် ထဲတွင် အနယ်နယ်အရပ်ရပ်မှ စုပေါင်းအလှူငွေ ၁၈၄ သိန်းနီးပါး လက်ခံရရှိထားသည်ဟု သိရသည်။

“Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညိုအကောင့်ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူ မည်ဝါ သိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက် စိစစ်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ပါကြောင်း၊ Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှု ရှိလျှင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျှင် လက်မခံဘဲ စိစစ်အရေးယူပါမည်” ဟု ရဲတပ်ဖွဲ့က ဇူလိုင် ၁ဝ ရက်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required