ဟံသာဝတီအသင်း လက်ကျန်ပွဲများကို နည်းစနစ်ဒါရိုက်တာ ကြီးကြပ်နိုင်မည်မဟုတ်

ဟံသာဝတီအသင်း လက်ကျန်ပွဲများကို နည်းစနစ်ဒါရိုက်တာ ကြီးကြပ်နိုင်မည်မဟုတ်

အောက်တိုဘာ ၁၀၊ ရန်ကုန်။             ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲဝင် ဟံသာဝတီအသင်း၏ နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီသည် အသင်း၏ လက်ကျန်ပွဲစဉ်များကို နည်းစနစ်ပိုင်းဆိုင်ရာများ ပံ့ပိုးကူညီပေးနိုင်မည်မဟုတ်ကြောင်း ဟံသာဝတီအသင်းမှ သတင်းထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံသား၊ နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီသည် အာရှဘောလုံးအဖွဲ့ချုပ်၏ တာဝန်ပေးမှုအရ ၂၀၁၅ ခုနှစ် ဖီဖာ ယူ ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲသို့ သွားရောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ဟံသာဝတီအသင်းသည် ၂၀၁၅ နေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့တွင် ရလဒ်များဆိုးရွားခဲ့သောကြောင့် ဒုတိယအကျော့ ပွဲစဉ် ၁၄ မတိုင်မီ အသင်း နည်းပြဟောင်းတစ်ဦးဖြစ်သည့် နည်းစနစ်ဒါရိုက်ဆီဗာဂျီကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အသင်းနည်းစနစ်ဒါရိုက်တာ ဆီဗာဂျီအသင်းသို့ ပြန်လည်ရောက်ရှိလာသည့် နောက်ပိုင်းတွင် ဟံသာဝတီအသင်း ရလဒ်များ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နိုင်ပွဲများ ရရှိခဲ့သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် သုံးပွဲသာကျန်ရှိနေပြီး လက်ကျန်သုံးပွဲတွင် ဟံသာဝတီအသင်းသည် ရခိုင်ယူနိုက်တက်၊ ကမ္ဘောဇ၊ နေပြည်တော်အသင်းတို့နှင့် ကစားရမည်ဖြစ် သည်။

လက်ကျန်သုံးပွဲတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် နေပြည်တော်အသင်းတို့နှင့် ကစားရမည့်ပွဲစဉ်များမှာ ဟံသာဝတီ အသင်း၏ တန်းဆင်းဇုန် အန္တရာယ်မှ လွတ်မြောက်နိုင်ရန်အတွက် အရေးပါနေသည်။

ဟံသာဝတီအသင်းသည် ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်၌ သုံးပွဲ နိုင်၊ ကိုးပွဲ သရေ၊ ခုနစ်ပွဲ ရှုံး ရမှတ် ၁၈ မှတ်ဖြင့် ရခိုင်အသင်းနှင့်ရမှတ်တူ အဆင့် ၉ နေရာတွင် ရပ် တည်နေသည်။

ဟံသာဝတီအသင်း ကစားရမည့် လက်ကျန်သုံးပွဲတွင် အသင်းနည်းစနစ်ဒါရိုက်တာ ဆီဗာဂျီ ကြီးကြပ်နိုင်မည် မဟုတ်သော်လည်း နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီက ၂၀၁၅ နေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ဟံသာဝတီ အသင်း တန်းကျန်မည်ဟု မဇ္ဈိမသို့ ပြောထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly