ထားဝယ်- ထီးခီး အဝေးပြေးလမ်းမ စီမံကိန်းကြောင့် ဂေဟစနစ်ပျက်စီးနိုင်မှုအပေါ် အကြံပြုချက်ထုတ်ပြန်

ထားဝယ်- ထီးခီး အဝေးပြေးလမ်းမ စီမံကိန်းကြောင့် ဂေဟစနစ်ပျက်စီးနိုင်မှုအပေါ် အကြံပြုချက်ထုတ်ပြန်
ဓာတ်ပုံ - ဖူးအိအိနွယ်

ဇူလိုင်၊ ရန်ကုန် ။           ။ ထားဝယ်- ထီးခီး အဝေးပြေးလမ်းမစီမံကိန်းကြောင့် ၄င်းဒေသ၏ ဂေဟစနစ်ပျက်စီးနိုင်မှုအပေါ် အကြံပြုချက် များကို ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF)မှ အစီအရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ စီမံကိန်းပြုလုပ်နေသည့် ဒေါန- တနင်္သာရီဒေသသည် မြန်မာနှင့် ထိုင်းနယ်စပ်တွင် တည်ရှိပြီး ရှားပါး သတ္တဝါမျိုးစိတ်များဖြစ်သော ကျား၊ အင်းကျား၊ ကျားသစ်၊ အာရှဆင်၊ ပြောင်၊ ကြံ့သူတော်၊ ဆတ်၊ ပသျူးဝက်ဝံ၊ ဟိမဝန္တာဝက်ဝံနှင့် မျောက်လွှဲကျော်၊ လက်ဖြူမျိုးနွယ်များတည်ရှိနေကြောင်း သိရသည်။ အဆိုပါ ဇီဝမျိုးကွဲ များကို အကာအကွယ်ပေးသည့် အစီအစဉ်များမပါရှိဘဲ ဆက်လက်ဖောက်လုပ်ပါက ရှားပါးမျိုးစိတ် ၉ ခုခန့် သည် ဘေးအန္တရာယ်နှင့်ကြုံတွေ့နိုင်ကြောင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် သစ်တောများအပေါ် အန္တရာယ် ကျရောက်လာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 “သူတို့ ကျက်စားတဲ့နေရာမှာ လမ်းမကြီးပေါ်လာရင် မကျက်စားနိုင်တဲ့ အခြေအနေဖြစ်သွားရင် မျိုးပွားမှု နှုန်းကျဆင်းလာမယ်။ အပင်မစားနိုင်တော့ဘူး။ ဘာတွေသက်ရောက်လာမလဲဆိုတော့ အဲ့ဒေသမှာ နေထိုင် တဲ့သူတွေအတွက်ပါ သက်ရောက်နိုင်တယ်။ ဂေဟစနစ်က ပျက်သွားတဲ့အတွက်ကြောင့်မလို့ပေါ့” ဟု WWF မြန်မာ၏ ထိန်းသိမ်းရေးအစီအစဉ် ညွှန်ကြားရေးမှူး Nick Cox က ပြောသည်။

“အန္တရာယ်ကြုံနေရသည့် သဘာဝ”  အမည်ရှိ ၄င်းအစီရင်ခံစာကို WWF က ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျရောက်နိုင်သည့် အန္တရာယ်များ လျော့ကျအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများကိုလည်း အစီရင်ခံစာတွင် အကြံပြုဖော်ပြထားသည်။

အကြံပြုချက်များအနေဖြင့် ထိုင်းနိုင်ငံရှိအလားတူ စီမံကိန်းများတွင် အောင်မြင်စွာအသုံးပြုနိုင်ခဲ့သော တောရိုင်းတိရစ္ဆာန်ဖြတ်ကူးလမ်းများ တည်ဆောက်ရေး၊ တောရိုင်းတိရစ္ဆာန်များ အမဲလိုက်သတ်ဖြတ်ခြင်းမှ ကာကွယ်ရန် အသိပညာပေးဆိုင်းဘုတ်များ တပ်ဆင်ရန်၊ လမ်းအသုံးပြုသူများအတွက် တောရိုင်းတိရစ္ဆာန် သတိပေးအမှတ်အသားများ တပ်ဆင်ခြင်း၊ ညဘက်အရှိန်လျှော့ မောင်နှင်စေခြင်း တို့ပါဝင်သည်။

 “ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာတုန်းက အစိုးရက အတွေ့အကြုံမရှိခဲ့ဘူးပေါ့နော်။ အခု ထားဝယ်-ထီးခီးလမ်းမှာ အဲ့ဒီလိုမဖြစ်အောင် ကျွန်တော်တို့ ဒီအကြံပြုချက်တွေကိုလည်း ကျွန်တော်တို့ အစိုးရကို တင်ပြပြီးပါပြီ။ အစိုးရကလည်း တော်တော် စိတ်ဝင်စားပြီး လက်ခံတဲ့သဘောမှာ ရှိပါတယ်။ တခြားနိုင်ငံတွေမှာ ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို အတွေ့အကြုံရအောင် အစိုးရအဖွဲ့အရာရှိကြီးတွေကို ခေါ်သွားတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့က အတွေ့အကြုံလည်း တော်တော်လေးရသွားပါပြီ။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ယုံကြည်ပါတယ်။ အစိုးရက လိုလိုလားလာနဲ့ ဆောင်ရွက်မယ်လို့” ဟု ၄င်းက ပြောသည်။

ထိုအစီရင်ခံစာတွင် လက်ရှိ စီမံကိန်း၏ လမ်းဒီဇိုင်းရေးဆွဲရာ၌ တောရိုင်းတိရစ္ဆာန်များရွှေ့ပြောင်းသွားလာရန် လမ်းကြောင်းများထည့်သွင်းရေးဆွဲထားမှု မရှိခြင်း၊ ချဉ်းကပ်လမ်းဖောက်လုပ်မှုနှင့် လမ်းမကြီးအတွက် ရှင်းလင်းမှုများအပြီးတွင် လမ်းအနီးပတ်ဝန်းကျင်၌ သစ်တောပြုန်းတီးမှု နှစ်စဉ်တိုးလာခြင်းစသည့် အချက်များ ကိုလည်း ထောက်ပြထားပြီး ၄င်းအပေါ် အကြံပြုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required