အလားတူဆေးတွေက အာနိသင်မစွမ်းဘူးလား

အလားတူဆေးတွေက အာနိသင်မစွမ်းဘူးလား

ရေးသားသူ Yun Sandi Nan Mon
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဆေးဆိုင်မှာ ဆေးသွားဝယ်တဲ့အခါ ကိုယ်သောက်နေကျဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်းထားတဲ့ဆေး မရှိရင် အလားတူဆေးပဲရှိတယ်ဆိုရင် ဘယ်လိုတုံ့ပြန်ခဲ့ဖူးလဲ။

ဆေးအတူတူချင်းကို စျေးပိုသက်သာသွားတယ်ဆိုပြီး ပျော်သွားတဲ့သူတွေရှိမယ်၊ အလားတူဆေးကို အရည်အသွေးမမီတဲ့ဆေးအတုလို တွေးမိတဲ့သူတွေရှိမယ်၊ စျေးကွာတယ်ဆိုရင် အာနိသင်ပါလျော့မယ်လို့ထင်တဲ့သူရှိမယ်။ ရပါတယ်လို့ပြောပြီး ကိုယ့်ဆေးဝယ်မရလို့သာ သောက်လိိုက်ရတယ်၊ စိတ်ထဲတော့ ဒီဆေးသောက်မိလို့များ ငါမသက်သာသေးတာလား၊ (original ဆေးလို့ခေါ်ကြတဲ့)ဘရန်းတံဆိပ်ကိုသာ သောက်ခဲ့ရရင် ခုလောက်ဆိုမြန်မြန်သက်သာနေလောက်ပြီလို့ တထင့်ထင့်နဲ့ဖြစ်နေသူတွေလည်းရှိတယ်။ တချို့ကတော့ ပြတ်ပြတ်သားသားခေါင်းခါပြီး တခြားဆိုင်သွားဝယ်ဖို့ကြိုးစားကြတယ်။ အလားတူဆေးတွေက တကယ်ပဲ မကောင်းဘူးလား။
ဘာကွာခြားတာလဲ

ဆေးကုမ္ပဏီတစ်ခုက မူပိုင်ခွင့်တင်သွင်းထားတဲ့ဆေးတစ်မျိုးကို အရင်ဆုံးထုတ်လုပ်လိုက်တဲ့အခါ ဒီဘရန်းအမည်နဲ့(Original Brand) ဆေးကို ထုတ်လုပ်ရောင်းချခွင့်တစ်ဦးတည်းရရှိတာဖြစ်ပါတယ်။ အဲဒီမူပိုင်ခွင့်သက်တမ်းကုန်ဆုံးတာနဲ့ ဒီဆေးကို တခြားကုမ္ပဏီတွေက ကိုယ်ပိုင်ဗားရှင်းနဲ့ ထုတ်လုပ်နိုင်တယ်၊ ဘရန်းအမည်တော့ မတူရဘူးပေါ့။ သူတို့အားလုံးက ဘရန်းအမှတ်တံဆိပ်ဆေးဝါးတွေပါပဲ။ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ထုတ်လုပ်တဲ့ဆေးတွေကိုတော့ ဘရန်းအမည်မပါတဲ့ generic brands တွေလို့ခေါ်ပါတယ်။

စျေးကွာတယ်ဆိုတိုင်း အပေါစားမဟုတ်ပါဘူး။ FDA ရဲ့စည်းမျဥး်သတ်မှတ်ချက်အရ ဘရန်းတံဆိပ်နဲ့ အလားတူဆေးတွေအပါအဝင် ဆေးဝါးအားလုံးဟာ လုပ်ဆောင်ချက်ကောင်းရမှာဖြစ်ပြီး ဘေးကင်းစိတ်ချရမှာချည်း ဖြစ်ပါတယ်။ အလားတူဆေးတွေမှာ ဘရန်းဆေးဝါးတွေလိုပဲ အာနိသင်ပါဝင်ပစ္စည်းတွေ၊ ကောင်းကျိုးတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေ အတူတူပဲရှိနေပါတယ်။
အတူတူပဲလို့ ဘာလို့ပြောနိုင်တာလဲ

ဆေးတစ်မျိုးမှာ ဘရန်းအမှတ်တံဆိပ်အမျိုးမျိုးနဲ့ စျေးကွက်မှာရှိနိုင်ပေမယ့် သူ့မှာပါဝင်တဲ့ ဆေးအမျိုးအစားကတော့ အတူတူပါပဲ။ ဥပမာ Amoxicillin ဆေးကို Amoxil ၊ Moxilin စတဲ့ ဘရန်းအမည်တွေနဲ့ ရှိနေတာမျိုးဆို Amoxicillin ဆေးချင်းအတူတူပါပဲ။ ဘယ်လိုအလားတူဆေးကိုပဲ တွေ့တွေ့ ဆေးမှာ သို့မဟုတ် ဘူးမှာဖော်ပြထားတဲ့ label ပေါ်က မူရင်းဆေးအမျိုးအစားကို တိုက်ညှိစစ်ဆေးလိုက်ရင် တူမတူ သိနိုင်ပါတယ်။

ဒီဆေးတွေက Original Brand အတိုင်းပဲ –

  •     ပါဝင်ဆေးအမျိုးအစား ပမာဏတူညီရမယ်၊
  •     ကုသမှုမှာ ထိရောက်မှုအာနိသင်တူညီရမယ်၊
  •     ဘေးကင်းစိတ်ချရမှုနဲ့ အရည်အသွေးစံနှုန်းချင်း တူညီရမယ် လို့ FDA ကချမှတ်ထားတာဖြစ်ပါတယ်။

အလားတူဆေးတွေသောက်ရင် ဘရန်းဆေးတွေလောက် မကောင်းဘူးလို့ ဘာလို့ထင်ကြတာလဲ

ပါဝင်တဲ့ဆေးအမျိုးအစားက တူညီပေမယ့် ‘inactive’ ingredients သို့မဟုတ် Excipients လို့ခေါ်တဲ့ ဖျော်စပ်အကူပစ္စည်းတွေကတော့ မတူကြပါဘူး။ ဆေးဝါးတစ်မျိုးကို တခြားဘရန်းတွေနဲ့မတူအောင် ပုံစံပြောင်းဖို့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ Excipients တွေကို အသုံးပြုပါတယ်။ ဆေးဝါးတွေကို ပေါင်းစပ်ပေးဖို့၊ ကြာရှည်ခံဖို့ ၊ ဆေးပြား သို့မဟုတ် ဆေးတောင့်ပုံစံဖြစ်လာစေဖို့ လုပ်ဆောင်ရာမှာလည်း သုံးပါတယ်။ Excipients တွေထဲမှာ –

  •     လက်တို့စ်(Lactose)
  •     အရောင်တွေ
  •     ဂလူတင် (Gluten)
  •     တာရှည်ခံပစ္စည်းတွေ ပါဝင်ပါတယ်။

Excipients တွေက ဆေးရဲ့ပုံသဏ္ဍာန်၊အရွယ်အစား၊အနံ့၊အရောင်တွေကို ပြောင်းလဲစေနိုင်တာကြောင့် အမျိုးအစားတူ ဘရန်းဆေးတွေ ပုံစံမတူကြတာပဲဖြစ်ပါတယ်။ ဆေးမှာ အပေါ်ယံလွှာ(coating) အုပ်ထားတာ၊ အာနိသင်ဖြည်းဖြည်းချင်းထွက်ရှိစေတာ(Slow release) စတဲ့ မတူညီတဲ့လုပ်ဆောင်ပုံတွေရှိတာရယ်၊ လူတစ်ဦးနဲ့တစ်ဦး ဆေးကိုစုပ်ယူနိုင်စွမ်းကွာခြားတာရယ် အပေးအယူမမျှတဲ့အခါ ဆေးအာနိသင်သိသာမှုမှာ နည်းနည်းကွာခြားတတ်ပါတယ်။ တချို့ဆေးတွေက မြန်မြန်သက်သာပေမယ့် တချိျု့ကျ သူ့အချိန်အတိုင်းအတာနဲ့သူ ဖြည်းဖြည်းချင်းကုသပေးသွားတာမျိုး ဖြစ်နိုင်ပါတယ်။

အမှန်က စျေးပိုနည်းလို့ အာနိသင်လျော့တာ၊ အရည်အသွေးလျော့တာမဟုတ်သလို စျေးပိုများလို့ အာနိသင်အကောင်းဆုံးမဟုတ်ပါဘူး။ ကုမ္ပဏီကွဲတဲ့ အလားတူဆေးတွေနဲ့ပတ်သက်ရင်တော့ မစိုးရိမ်ပါနဲ့။ ဆရာဝန်ညွှန်းတဲ့ဘရန်းတံဆိပ်ကို ဦးစားပေးပါ၊ သို့သော် အလားတူဆေးပဲရှိတယ်ဆိုလည်း အတင်းရှောင်မပြေးပါနဲ့။ အာနိသင်အတူတူပါပဲလို့ အကြံပြုချင်ပါတယ်။ ကိုယ်ဝယ်မိတာ ဆေးအတုတော့ မဖြစ်စေနဲ့ပေါ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly