တရုတ်နံနံဖျော်ရည်သောက်ကြမယ်

တရုတ်နံနံဖျော်ရည်သောက်ကြမယ်

ရေးသားသူ Aye Thi Mon
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ခေါက်ဆွဲကြော်၊ အစိမ်းကြော်နဲ့ ဟင်းချိုတွေစွပ်ပြုတ်တွေမှာပဲ တရုတ်နံနံကို ဟင်းခတ်မွှေးအကြိုင်အနေနဲ့ သုံးလို့ရတာမဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်အောင် ဖျော်သောက်လို့လည်းရပါတယ်။ တရုတ်နံနံဖျော်ရည်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
တရုတ်နံနံကနေရတဲ့ အာဟာရဓာတ်

တရုတ်နံနံမှာ

  •     ဗီတာမင် K
  •     ဗီတာမင် A
  •     ဗီတာမင် B2
  •     ဗီတာမင် B6
  •     ဗီတာမင် C
  •     ဖောလိတ်
  •     ပိုတက်ဆီယမ်
  •     မဂ္ဂနိ့
  •     အမျှင်ဓာတ် နဲ့
  •     pantothenic acid တို့ပါဝင်ပါတယ်။

တရုတ်နံနံဖျော်ရည်ကပေးတဲ့ ကျန်းမာရေး အာနိသင်

တရုတ်နံနံကို ရေစင်အောင်ဆေးလို့ ကြိတ်ဖျော်ထားတဲ့ တရုတ်နံနံဖျော်ရည်က ခန္ဓာကိုယ်ကို ကျန်းမာစေဖို့တော်တော်လေးအထောက်အကူပြုပေးတာပါ။

နှလုံးကျန်းမာစေနိုင်တယ်

တရုတ်နံနံမှာ သွေးကြောနံရံတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကို ကျန်မာသန်စွမ်းစေနိုင်တဲ့ phthalides ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နှလုံးရောဂါခံစားရတာ၊ ရုတ်တရက် နှလုံးရပ်တာနဲ့လေဖြတ်တာတွေကနေ ကာကွယ်နိုင်မှာပါ။ တရုတ်နံနံဖျော်ရည်သောက်သုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ရာရောက်သလို သွေးတွင်းသကြားဓာတ်၊သွေးတွင်းအဆီဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိရာလည်းရောက်သလို နှလုံးကျန်းမာရေးကို စောင့်ရှောက်ရာလည်းရောက်ပါတယ်။

သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်တယ်

တရုတ်နံနံမှာ သံဓာတ်ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေတိုးပွားစေပြီး ကိုယ်တွင်းမှာ သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အောက်ဆီဂျင်ရောက်ရှိမှုကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

တရုတ်နံနံဖျော်ရည်မှာပါတဲ့ luteolin နဲ့ apigenin ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကင်ဆာကိုကာကွယ်ပေးနိုင်သလို ဖလေဗာနွိုက်ပါဝင်နေတာကြောင့် ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးပြီး ကင်ဆာကျိတ်တွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နေခဲ့ရင်တောင် ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုနှုန်းကို နှေးစေနိုင်ပါတယ်။
အသားအရေကို ထိန်းသိမ်းပေးနိုင်ပါတယ်
ဗီတာမင် K၊ ဗီတာမင် A နဲ့ ဗီတာမင် C တို့ပါဝင်နေမှုကြောင့် အသားအရေကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ နဲ့ အသားအရောင်မညီတာတွေကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ နှင်းခူလိုမျိုး အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်

ဆီးရွှင်စေပြီး ဆီးကနေတဆင့် ကိုယ်တွင်းထဲက အဆိပ်အတောက်တွေ၊ ပိုလျှံနေတဲ့ ဆားဓာတ်တွေကို အလျင်မြန်ဆုံး ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်

တရုတ်နံနံမှာပါတဲ့ luteolin က ခန္ဓာကိုယ်က တစ်ရှုးတွေနဲ့ ကြွက်သားတွေရောင်ရမ်းမှုကို လျှော့ပါးသက်သာစေနိုင်ပါတယ်။ အဆစ်အမြစ်နာကျင်တာ၊ အဆစ်ရောင်ရမ်းတာနဲ့ လေးဖက်နာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ အစာအိမ်ဝေဒနာခံစားနေရသူတွေအတွက်လည်း တကယ့်ကို သောက်ပေးသင့်တဲ့ ဖျော်ရည်တစ်မျိုးပေါ့။
ကိုယ်ခံအားကောင်းစေနိုင်တယ်

ဗီတာမင် C ပါဝင်တာကြောင့် သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးတည်ဆောက်ပေးပါတယ်။ ခန္ဓာကိုယ်ကို ဖျားနာမှုကင်းစေနိုင်သလို ကူးစက်ရောဂါတွေကနေ အထိရောက်ဆုံး ကာကွယ်ချင်ရင်တော့ မေ့ထားလို့မဖြစ်ပါဘူး။

အရိုးတွေကို သန်မာစေနိုင်တယ်

တရုတ်နံနံဖျော်ရည်မှာပါတဲ့ သတ္တုဓာတ်တွေက အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးအဆစ်တွေကို အာဟာရဓာတ်တွေ အကောင်းဆုံးဖြည့်ပေးနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးပါးတာနဲ့ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ပျော်စေနိုင်တယ်

တရုတ်နံနံက အိပ်စက်မှုကိုအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးခုန်နှုန်းကိုလည်း အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာ တရုတ်နံနံဖျော်ရည်သောက်ပေးတာက တစ်ညတာလုံးကို ကောင်းကောင်းအိပ်ပျော်စေနိုင်ပြီး မနက်ခင်းမှာ အင်အားပြည့်ဝစွာနဲ့ နိုးထနိုင်စေပါတယ်။

ကဲ…… ခန္ဓာကိုယ် ကျန်းမာစေဖို့ တစ်နေ့ကို တရုတ်နံနံဖျော်ရည် တစ်ခွက်သောက်သုံးပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly