မြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းတွင် လူ ၇၀၀ ကျော် ရေဘေးတိမ်းရှောင်နေရ

မြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းတွင် လူ ၇၀၀ ကျော် ရေဘေးတိမ်းရှောင်နေရ
ဓာတ်ပုံ - ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

ရန်ကုန် ၊ ဇူလိုင် ၁၁ ။          ။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ထားပြီး လူ ၇၀၀ ကျော် ရေဘေးတိမ်းရှောင်နေရသည်ဟု ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၀၂၂ စင်တီမီတာ (၃၃.၅၃ ပေ) ဖြစ်ပြီး လက်ရှိတွင် ဘီးလင်းမြစ်ရေသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တိုင်းတာမှုအရ ၈၉၇ စင်တီမီတာ(၂၉.၄၃ ) ပေ အထိ ရောက်ရှိနေသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် အိမ်ထောင်စု ၂၃ စု ၊ လူဦးရေ ၁၀၄ ဦးအတွက် ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်ပြီး ပြောင်းရွေ့ထားရကာ ၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကယ်ဆယ်ရေးစခန်း နှစ်ခု ထပ်မံဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကယ်ဆယ်ရေး စခန်း ငါးခုတွင် အိမ်ထောင်စု ၁၇၆ စု ၊ လူဦးရေ ၇၄၃ ဦး ရေဘေးတိမ်းရှောင်နေရသည်ဟု ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။

မြစ်ရေမြင့်တက်လာမှုကြောင့် ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလတန်းလွန်ကျောင်း) ၊ ဒုံသမိမြစ်ဘေးရှိ ကမ်းနား(မူလတန်းကျောင်း) ၊ ရွှေလှေ(မူလတန်းကျောင်း) ၊ ပျဉ်းမပင်ဆိပ်(အထက်တန်းကျောင်းခွဲ) စသည့် ကျောင်းလေးကျောင်းကို ပိတ်ထားခဲ့သည်ဟု ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ဇူလိုင် ၁၀  ရက် နံနက် တွင် ကြေညာထားသည်။

မိုးရာသီအချိန်၌ ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် နှစ်စဉ်ရေကြီးမှုကို ကြုံတွေ့နေရသော်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် မြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့ကာ အဝေးပြေးလမ်းမများပေါ် ရေကျော်ခဲ့ပြီး လမ်းခေတ္တပိတ်ထား ခဲ့ရသည်။

ယမန်နှစ်က ဘီးလင်းမြစ်ရေလျှံပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများအား ရိက္ခာပစ္စည်းထောက်ပံ့ရာတွင်အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက်ကြောင့် လက်ရှိ အချိန်တွင် ယမန်နှစ်က ရေဘေးသင့်ခဲ့သည့် ကျေးရွာများအား ၇ ရက်စာ ရိက္ခာကြိုတင်ပေးပို့ ထားပြီးဖြစ်သည် ဟု ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly