တရားမဝင်အလှူခံမှု ပထမအဆင့်အဖြစ် သက္ကမိုးညိုအား ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

တရားမဝင်အလှူခံမှု ပထမအဆင့်အဖြစ် သက္ကမိုးညိုအား ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
ဇူလိုင် ၆ ရက်က ရန်ကုန်မြို့၌  ဗစ်တိုရီးယားအမှု အမှုမှန်ပေါ်ရေး ဆန္ဒပြခဲ့ကြသည်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-EPA-EFE/NYEIN CHAN

ရန်ကုန်၊ ဇူလိုင် ၁၀ ။          ။ ဗစ်တိုရီးယားအမှုကိစ္စနှင့်ပတ်သက်ပြီး တရားမဝင်အလှူခံမှုများ၏ ပထမအဆင့်အဖြစ် သက္ကမိုးညို အကောင့် ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇူလိုင် ၁၀ ရက် ည ၇ နာရီခန့်တွင် ထုတ်ပြန်လိုက်သည်။

“Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူ မည်ဝါ သိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက် စိစစ်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ပါကြောင်း၊ Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှု ရှိလျှင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျှင် လက်မခံဘဲ စိစစ်အရေးယူပါမည်” ဟု ရဲတပ်ဖွဲ့မှ လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်မှ ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး ဖေ့စ်ဘွတ်တွင် အစဉ်တစိုက် ရေးသားနေသော သက္ကမိုးညို အကောင့်ပိုင်ရှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်းကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်က တရားလိုလုပ်ပြီး ယနေ့ ဇူလိုင်လ ၁၀ ရက်က တိုင်တန်းထားခဲ့သည်။

အဆိုပါကိစ္စအတွက် ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ပြီး ကျပ်သိန်း ၁၀၀ ဖြင့် သက္ကမိုးညိုကို အာမခံ ပေးခဲ့ပြီး နောက် ယနေ့ညပိုင်းတွင် ရေးသားထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ယင်းအမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့်အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း ဖော်ပြထားသည်။

“CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံမှ တရားဝင်လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှ မလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း” ပါရှိသည်။

လူအချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှု အရေးအသားများ ရေးသားနေကြကြောင်းပါ ပါရှိသည်။

အဆိုပါ သက္ကမိုးညိုအကောင့်ပိုင်ရှင်ကို အမှုဖွင့်ထားသည့် ပုဒ်မသည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ငွေဒဏ် ကျပ်သိန်း ၅ဝမှ ကျပ် သိန်း ၁ဝဝအထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ မဆောင်နိုင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly