အင်းစိန်၊ ဗဟိုလမ်းမတွင် ဖြစ်ပွားသော အကြမ်းဖက်၊အဓမ္မပြုရန် ကြံစည်ခံရသူ အမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းမှု

By ကရိုင်နူးရာ
10 July 2019
အင်းစိန်၊ ဗဟိုလမ်းမတွင် ဖြစ်ပွားသော အကြမ်းဖက်၊အဓမ္မပြုရန် ကြံစည်ခံရသူ အမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းမှု

အင်းစိန်မြို့နယ်ထဲမှ ဗဟိုလမ်းမကြီးပေါ်တွင် အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးမှ ထိုးကြိတ်ကာ အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သည်ဆိုသည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ (၄)ရက်နေ့ ည(၁၀)နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ မဇ္စျိမသတင်းဌာနမှ မျက်မြင်သက်သေများနှင့် ကာယကံရှင်အမျိုးသမီးအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။

ကျူးလွန်ခံရသူ အမျိုးသမီးသည် အသက်(၃၅)နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပညာထူးချွန်သည့် ၉တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သည်ဟု သိရသည်။ ကျူးလွန်ခံရသည့် အမျိုးသမီးသည် အဆိုပါနေ့က ည ၁ဝနာရီခွဲအချိန်ခန့်တွင် ဗဟိုလမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ်တွင် အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

''ဖြစ်တဲ့ညက အိမ်ကအမျိုးသားနဲ့ စကားများပြီး အပြင်ကို လမ်းလျှောက်ထွက်ခဲ့တယ်။ ပြန်လာတဲ့အချိန်မှာ အဲ့လူက ညီမကို နောက်ကနေလက်ကို လှမ်းဆွဲတော့ ညီမက ဘာလုပ်တာလဲဆိုပြီး လက်ကိုပြန်ခါလိုက်တယ်။ ခါလိုက်တဲ့အချိန်မှာ သူက ဆောင့်ဆွဲလိုက်တယ်။ အဲ့တာနဲ့ ညီမက ညီမမိန်းမပျက်မဟုတ်ဘူး၊ ညီမ မိန်းမကောင်းပါ။ ညီမမှာလည်း ယောက်ျားရှိတယ်၊ သားရှိတယ်။ ညီမ ဒီရပ်ကွက်ထဲမှာနေတာ၊ ဒါညီမရပ်ကွက် အဲ့လိုပြောလိုက်တယ်။ အဲ့တာကို အဲ့လူက မရဘူး၊ ညီမကို ဆွဲလားရမ်းလားလုပ်ပြီးတော့ ညီမကို ထိုးတယ်၊ ကြိတ်တယ်၊ အားကုန်ထိုးကြိတ်ပြီးမှ အဓမ္မကျင့်ဖို့ကြံတယ်” ဟု ကာယကံရှင်အမျိုးသမီးက မဇ္စျိမသို့ ပြောသည်။

မတရားနှိပ်စက်ခံခဲ့ရခြင်းကြောင့် အမှန်တရားအတိုင်း ဆုံးဖြတ်ပေးစေချင်ကြောင်းနှင့် မိသားစုဝင် တစ်ဦးဦးသာ ယခုကဲ့သို အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ရလျှင် မခံစားနိုင်ကြောင်း  အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်၍ မျက်မြင်သက်သေတစ်ဦးဖြစ်သည့် ဒေါ်ညိုညိုဝင်းက ဆိုသည်။

''၁ဝနာခွဲကျော်ကျော်မှာပေါ့ အော်သံတွေကြားလို့ အမတို့ပြေးထွက်သွားတာ။ အဲ့မှာ ကောင်မလေးကလည်း တစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ။ မျက်နှာတစ်ချမ်းဆိုရင် ညိုမဲစွဲပြီး မျက်နှာတစ်ခုလုံး ရစရာမရှိဘူး။ အကောင်ကို ကြည့်တော့လည်း ဝတ််စလစ်နဲ့ ပက်လက်ကြီးလန်နေပြီ။ သူ့ကို မြင်တော့ အကုန်လုံးကတော့ ဝိုင်းဆော်ကြတာပေါ့” ဟု ဒေါ်ညိုညိုဝင်းက မဇ္စျိမသို့ ပြောသည်။

ကာယကံရှင်အမျိုးသမီးသည် အခင်းဖြစ်ပွားခဲ့သည့် ညမှာပင် အင်းစိန်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး (၆)ရက်နေ့ညတွင် ဆေးရုံမှဆင်းခဲ့သည်ဟု သိရသည်။

''အဲ့လူကို ညီမထက် အဆပေါင်းများစွာ ခံရတာကို ပြန်လိုချင်တယ်။ ညီမသူနဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး။ သူနဲ့လည်း ဘာမှ မပတ်သတ်ဘူး။ အဲ့လူကိုလည်း တစ်ခါမှ မမြင်ဖူးဘူး။ သိလည်း မသိဘူး။ ဒါညီမရပ်ကွက်၊ ဒီချိန်မှာ လူတွေလည်း ဘယ်သူမှ မပြတ်သေးဘူး။ ကားတွေလည်း သွားနေတယ်။ လမ်းပေါ်မှာ မီးတွေလည်းလင်းနေတယ်။ မိုးလည်းမရွာဘူး။ အဲ့ချိန်မှာ အဲ့လိုလုပ်တာ ဘယ်တော့မှ အဲ့လူကို မကျေနပ်ဘူး။ အခုညဘက်ဆိုရင် အဲ့လူကြောင့် ညီမကို အဲ့လိုလုပ်ခဲ့တာတွေ ပြန်တွေးမိရင် အိပ်ရင်းနဲ့တောင် အသားတုန်တယ်။ ညဆိုကြောက်လို့ အမျိုးသားနဲ့ သားကြားမှာပဲ အိပ်တော့တယ်” ဟု ကာယကံရှင်အမျိုးသမီးက ထပ်မံပြောကြားသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သတ်၍ မျက်မြင်သက်သေတစ်ဦး ကလည်း ဤကဲ့သို့ အပြစ်မျိုးကို ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံစေချင်သည်ဟု ပြောသည်။

 '' အဲအမှုနဲ့ ပတ်သတ်ပြီးတော့ သေချာလုပ်ပေးစေချင်တယ်။ ကောင်မလေးက မျက်နှာတစ်ခုလုံးဖူးယောင်ပြီး သွေးတွေလည်း ထွက်ကျနေတော့ ကိုယ်တောင် တော်တော်လန့်သွားတယ်။ သူဆို ဘယ်လောက်ခံစားရမလဲ။ အဲ့လိုလူမျိုးတွေကို မုန်းတယ်။ သတ်မိန့်ပဲ ပေးစေချင်တယ် '' ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သည့် ဒေါ်တင်မိုးခိုင်က မဇ္စျိမသို့  ပြောသည်။

အဆိုပါ အဖြစ်အပျက်အတွက် ဧရာဝတီတိုင်းဒေသကြီး  မော်ကျွန်းမြို့နယ်ထဲမှ  အသက်(၃၅)နှစ်အရွယ်ရှိ အောင်မြင့်ဆိုသူ ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အဓမ္မပြုကျင့်ရန်ကြံစည်မှု၊ ပုဒ်မ ၃၂၅ အပြင်းအထန်နာကျင်စေမှုတို့နှင့် အခင်းဖြစ်ပွားခဲဲ့သည့့်ညတွင်ပင် အင်းစိန်ရဲစခန်း၌ အမှုဖွင့်ဖမ်းဆီးထား၍ စစ်ဆေးနေသည်ဟု စခန်းမှူး ဦးတင်လတ်မှ မဇ္စျိမသို့ ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly