ကမ္ဘာ့အမြင့်ဆုံးလမ်းတွေပေါ်မှာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရတဲ့ အိန္ဒိယအလုပ်ကြမ်းသမားများ

ကမ္ဘာ့အမြင့်ဆုံးလမ်းတွေပေါ်မှာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရတဲ့ အိန္ဒိယအလုပ်ကြမ်းသမားများ

ဇူလိုင် ၁၀ ။            ။ အေးစက်တဲ့ ရာသီဥတု ရှိပြီး မြင့်မားလှတဲ့ ဟိမဝန္တာ ကန္တာရအရပ်ဒေသတစ်ခုမှာတော့ အိန္ဒိယအလုပ်ကြမ်းသမားအဖွဲ့တစ်ခု လာပြီး အလုပ်လုပ်နေကြရလျက် ရှိပါတယ်။

ဒီအလုပ်သမားအဖွဲ့ကတော့ ဒီအရပ်ဒေသကို လာရောက်ပြီး ကမ္ဘာ့အမြင့်ဆုံးထဲမှာ ပါတဲ့ လမ်းတွေထဲက တစ်ချို့ကို ပြုပြင်ထိန်းသိမ်းရတဲ့ အလုပ်တွေကို လုပ်ကြရတာဖြစ်ပါတယ်။

အမြင့်ပေ ၁၇,၅၉၀ (မီတာ ၅,၃၆၀) ရှိတဲ့ Chang La တောင်ကြားလမ်းအနီး အခြေချတဲ့ အမျိုးသား ၁၃ ဦးအဖွဲ့ကတော့ အရင်က ဒီလို အေးတဲ့ ဥတုရာသီမှာ အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံ များများစားစား မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

သူတို့ အလုပ်လာလုပ်ရတဲ့ ဒီနေရာကတော့ သူတို့ရဲ့ နေအိမ်တွေနဲ့အကြား မိုင်ရာချီ ဝေးကွာတဲ့နေရာမှာ ရှိနေလို့ဖြစ်ပါတယ်။ သူတို့နေကြတဲ့အရပ်ကတော့ အနိမ့်ပိုင်းကျတဲ့ အရှေ့ပိုင်း Jharkhand ပြည်နယ်မှာဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံး နှင်းမုန်တိုင်းတွေ တိုက်တတ်တဲ့ Tangtse ခရိုင်မှာ ခုလို အလုပ်လာလာဖို့ သူတို့အဖွဲ့ကို လေးလ ငှားရမ်းခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ အဓိက ခရီးသွားလမ်းကြောင်းဖြစ်တဲ့ ယင်း တောင်ပေါ်လမ်းကြောင်း အခြေအနေ ကောင်းမွန်စေဖို့ ဖြစ်ပါတယ်။

ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ရတဲ့ ဒီအလုပ်အတွက် တစ်ဦးလျင် လုပ်အားခ ရူပီး ၄၀,၀၀၀ ( ၅၇၂ ဒေါ်လာ) စီ ရရှိမယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၁၁ က လူဦးရေ ၁ ဒသမ ၃ ဘီလီယံရဲ့ ၂၁ ရာခိုင်နှုန်းက တစ်နေ့ဝင်ငွေ ၂ ဒေါ်လာအောက်နဲ့ နေထိုင်နေရတဲ့ နိုင်ငံအတွက်ကတော့ အတန်အသင့် များပြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

“ ကျွန်တော်တို့ဆီမှာကျတော့လည်း အလုပ်က မရှိပြန်ဘူးလေ၊ ဒီ အလုပ်ကျတော့လည်း တော်တော့်ကို ပင်ပန်းပါတယ်၊ ဒီံထက် ခက်ခဲပင်ပန်းတဲ့ အလုပ်မျိုးတော့ ရှိတော့မယ် မထင်ပါဘူး” လို့  ၎င်းအလုပ်ကြမ်းအဖွဲ့မှာ ပါသူတစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ဆွန်နီ တူးတူးက ပြောပြသွားပါတယ်။

၎င်းတို့ဟာ တစ်ပတ်ကို ခြောက်ရက်အလုပ်ဆင်းကြရပါတယ်။ လမ်းပေါ်က ကျောက်၊ သဲတွေကို ရွှွေှ့ပြောင်းဖို့ ဂေါ်ပြား၊ အိတ် တို့ကို သုံးပြီးတော့ပဲဖြစ်ဖြစ် တစ်ခါတစ်ရံ လက်ချည်းသက်သက်ပဲဖြစ်ဖြစ် ပင်ပင်ပန်းပန်း လုပ်ကြရတာဖြစ်ပါတယ်။ ဒေသခံ အမျိုးသမီးတစ်ချို့ကလည်း အကူအဖြစ် ဝင်လုပ်ကြတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေတစ်ရက် နားရက်မှာတော့ အဝတ်အစား လျှော်ဖွတ်ခြင်၊ ရေချိုးခြင်း နဲ့ အနားယူကြရတယ်လို့ သိရပါတယ်။

ခုလို အလုပ်တွေကို တစ်နေရာကနေ အခြားတစ်နေရာကို ပြောင်းရွှေ့လုပ်ကိုင်ရခြင်းက အိန္ဒိယကျေးလက်မှာတော့ ပုံမှန်လိုလိုဖြစ်နေပြီး ပြည်သူ သန်းပေါင်းများစွာတို့ဟာ ဥပဒေနဲ့ လူမှု အကာအကွယ်တွေ မရဘဲ အန္တရာယ်များတဲ့အခြေအနေတွေအောက်မှာ လုပ်ကိုင်နေကြရတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Aajeevika Bureau agency က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly