စင်ကာပူတွင် နိုင်ငံသား (၆) ဦး အဖမ်းခံရမှုအတွက် မြန်မာသံရုံး စုံစမ်းနေ

စင်ကာပူတွင် နိုင်ငံသား (၆) ဦး အဖမ်းခံရမှုအတွက် မြန်မာသံရုံး စုံစမ်းနေ

ရန်ကုန်၊ ဇူလိုင် ၁၀ ။          ။ စင်ကာပူနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသား (၆) ဦး အဖမ်းခံရသည့်ကိစ္စအတွက် စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှစုံစမ်း နေဆဲဖြစ်ကြောင်း စင်ကာပူသံရုံးက သိရသည်။

AA စစ်ဦးစီးချူပ်၏ ညီ အပါအဝင် ရခိုင်စင်ကာပူအသင်းသား (၆) ဦးအား စင်ကာပူရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ရခိုင်အသိုင်းအဝိုင်းမှ ပေးပို့သည့်စာကို ယမန်နေ့ (ဇူလိုင် ၉) တွင် လက်ခံရရှိ ခဲ့ကြောင်းလည်း မြန်မာသံရုံးကဆိုသည်။

“ ဤအမှုမှာ စင်ကာပူရဲတပ်ဖွဲ့က တရားဝင်မြန်မာသံရုံးကိုအကြောင်းမကြားထားပါဘူး။ ထို့ကြောင့် မြန်မာသံရုံးကနေပြီး မြန်မာနိုင်ငံသားတွေ ဘယ်လို ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့တာကြောင့် ဖမ်းတာ လဲ ဆိုတာကို သိရှိရဖို့ စင်ကာပူရဲတပ်ဖွဲ့ကိုဆက်သွယ်နေပါတယ်” ဟု စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ မဇ္စျိမ၏မေးမြန်းမှုကိုဖြေကြားသည်။

ထို့အပြင် အဆိုပါ ဖြစ်စဉ်အတွက် စင်ကာပူရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့လည်း ဆက်သွယ် အကြောင်းကြားလာခြင်းမျိုးမရှိသေးဟု ရဲသတင်းမှန်ပြန်ကြားရေးမှ ရဲမှူးကြီး မျိုးသူစိုးက မဇ္စျိမသို့ ဖြေဆို ထားသည်။

ဇူလိုင်လ ၉ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် စင်ကာပူတွင်နေထိုင်သူ ရခိုင်စင်ကာပူအသင်းသား (၆) ဦးအား စင်ကာပူရဲတပ်ဖွဲ့နှင့် စင်ကာပူ လ.ဝ.က ဝန်ထမ်းတို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဟုသိရသည်။

ရခိုင်စင်ကာပူအသင်းဥက္ကဋ္ဌဖြစ်သူအပါအဝင် AA စစ်ဦးစီးချုပ်၏ ညီဖြစ်သော ကိုအောင်မြတ်ကျော် ပါဝင်သည်ဆိုသည့်အတွက် မဇ္စျိမမှ ရကွိုင့်တပ် (AA) သို့မေးမြန်းရာ“  ကျွန်တော်တို့ သိသလောက် ကတော့ အစိုးရဘက်ကနေပြီးဖိအားပေးတဲ့အတွက်ကြောင့် ဖမ်းခိုင်းလို့ ဖမ်းရတယ်ဆိုပြီး ပြောတယ် လို့ သတင်းတွေထွက်နေတယ်ဗျ  ’’ ဟု ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်သုခကဆိုသည်။
ထို့အပြင် အစိုးရ၊ တပ်မတော်ဘက်မှ AA နှင့်မဆိုင်သော AA ထိပ်ပိုင်းခေါင်းဆောင်များ၏ မိသားစုဝင် များကို ဖမ်းခိုင်းနေခြင်းသည် ပုဂ္ဂိုလ်ရေးဆန်သည့်အတွက် မဖြစ်သင့်ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ မဇ္စျိမမှဆက်သွယ်သော်လည်း ဇူလိုင် ၁၀ ရက်နေ့ ညနေ ၄ နာရီကျော်အထိ ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

အဆိုပါဖမ်းဆီးမှုတွင် ရခိုင်စင်ကာပူအသင်းပိုင်ဆိုင်သော ကွန်ပြူတာများအပြင် အခြားဆက်စပ် ပစ္စည်းများကိုလည်း စင်ကာပူရဲမှ သိမ်းဆည်းသွားကြောင်း ရခိုင်အခြေစိုက် သတင်းဌာန အချို့တွင် ဖော်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly