‘ကျနော် မက်ဒရစ်ကို ရောက်လာတာက ကိုယ့်သမိုင်း ကိုယ်ရေးမလို့ပါ။ ဂျာအိုဖီးလစ်လို့ လူတွေ မှတ်မိနေအောင် လုပ်ဆောင်သွားမှာပါ။’ - ဖီးလစ်

‘ကျနော် မက်ဒရစ်ကို ရောက်လာတာက ကိုယ့်သမိုင်း ကိုယ်ရေးမလို့ပါ။ ဂျာအိုဖီးလစ်လို့ လူတွေ မှတ်မိနေအောင် လုပ်ဆောင်သွားမှာပါ။’ - ဖီးလစ်
Photos: EPA

အက်သလက်တီကိုကြယ်ပွင့် ဂျာအိုဖီးလစ်က တစ်နိုင်ငံတည်းသား ပေါ်တူဂီလက်ရွေးအသင်းဖော် ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ခံနေရပေမယ့် မိမိအနေနဲ့ ကိုယ့်သမိုင်းကို ကိုယ်ရေးထိုးလိုကြောင်း ပြောကြားလိုက်ပါတယ်။

ဖီးလစ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ဘင်ဖီကာအသင်းနဲ့ စတင်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၃)ပွဲမှာ ဂိုး (၂၀) သွင်းခဲ့သလို ဂိုးဖန်တီးမှု (၁၁) ကြိမ်ပြုလုပ်ခဲ့ပြီး အသင်းကို ပေါ်တူဂီအမှတ်ပေးဖလားဆွတ်ခူးအောင် ကူညီပေးခဲ့ပါတယ်။

သူဟာ ယခုလအစောပိုင်းက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ဆွစ်ဇလန်အသင်းကို အနိုင်ရခဲ့တဲ့ နေရှင်းလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ရောနယ်လ်ဒိုနဲ့အတူ စတင်တွဲဖက်ကစားခဲ့ပါတယ်။

ဖီးလစ် ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအတွင်း ဂျူဗင်တပ်စ်၊ ယူနိုက်တက်၊ စီးတီးတို့ရဲ့ စိတ်ဝင်စားခြင်းခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စပိန်ကလပ် အက်သလက်တီကိုအသင်းထံ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၁၃)သန်းနဲ့ ရောက်ရှိသွားခဲ့ပါတယ်။

"ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကြီးကျယ်တဲ့ကစားသမားဆိုတာ အားလုံးလည်း သိရပါတယ်။ သူက လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး ဘောလုံးသမိုင်းကြောင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားလို့လည်း ဆိုနိုင်ပါတယ်။ 

ကျနော်တို့နှစ်ယောက် နိုင်ငံလက်ရွေးစင်အသင်းမှာ တွေ့ဖြစ်တော့ သူက မက်ဒရစ်အကြောင်း ကျနော့်ကို ပြောပါတယ်။ သူဘယ်လောက် သဘောကျစရာကောင်းတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒီကိုရောက်လာတာက ကိုယ့်သမိုင်းကိုယ်ရေးမလို့ပါ။ ဂျာအိုဖီးလစ်လို့ လူတွေ မှတ်မိနေအောင် လုပ်ဆောင်သွားမှာပါ။"လို့ ဖီးလစ်က ပြောပါတယ်။

"ပြီးတော့ အမှန်ပါ။ နှိုင်းယှဉ်တယ်ဆိုတာ ကောင်းတဲ့အရာပါ။ ဒါပေမယ့် ခရစ္စတီယာနိုက ခရစ္စတီယာဖြစ်ပြီး ကျနော်က ကျနော့်ကိုယ် ကျနော်ဖြစ်ချင်ပါတယ်။"လို့ သူက ဆိုပါတယ်။

ဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအတွက်ရော အက်သလက်တီကိုအတွက်ပါ စံချိန်တင်တစ်ရပ်ဖြစ်ပြီး လူငယ်ကစားသမားဟာလည်း ဘောလုံးသမိုင်းကြောင်းတစ်လျှောက် (၅)ဦးမြောက် ကမ္ဘာ့ပြောင်းရွှေ့ကြေး အကြီးဆုံးကစားသမားဖြစ်ပါတယ်။

"ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ ကျနော် ပြောခဲ့သလိုပါပဲ။ ဘာဖိအားမှ မရှိပါဘူး။ ဒါဟာ စျေးကွက်ရဲ့ မေးခွန်းတစ်ခုပါ။ ဒီအကြောင်းအရာတွေတော့ ကျနော် ဘာမှနားမလည်ပါဘူး။"လို့ သူက ပြောပါတယ်။

ဖီးလစ်ဟာ အက်သလက်တီကိုအသင်းနဲ့ (၇)နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။ သူဟာ လာမယ့်ရာသီမှာ ဂရစ်ဇ်မန်း ဝတ်ဆင်တဲ့ ကျောနံပါတ် (၇) ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly